SNDP ကြားဖြတ်ရွေးကောက်ပွဲ သုံးနေရာ ဝင်ပြိုင်မည်

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ သိရပါတယ်။

ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land) (Photo: Shan Land)

တောင်ကြီးမြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပ ပြီးစီးသွားတဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့ကြောင်း SNDP ဒု ဥက္ကဋ္ဌ ဖြစ်သူ ကျောက်မဲမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီ က ပြောပါတယ်။

“ရုံးချုပ်က တောင်ကြီးကို ပြောင်းလိုက်ပြီး တောင်ကြီးမှာပဲ ဆုံးဖြတ်ကြ တာ။ လားရှိုးက အမျိုးသားလွှတ်တော်၊ နောက် ကလောက ပြည်သူ့ လွှတ်တော်၊ မိုးကောင်းက ပြည်သူ့လွှတ်တော် သုံးနေရာ။ စတုတ္ထ အကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ကြတာ။ ကျန်တာကတော့ ပါတီတွင်းပါပဲ။ တာဝန်တွေကို တိတိကျကျ ပြန်ပြီး ခွဲဝေကြတယ်။ နောက်ပြီး အောင်နိုင်ရေးအတွက် တာဝန်တွေ ပေးကြတယ်။ စစ်ဘေး ဖြစ်နေတဲ့ လူထုကို ဘယ်လို ကူညီမလဲ၊ ဘယ်လို မြို့နယ်တွေကနေ ပံ့ပိုးမလဲ ဆိုတဲ့ ကိစ္စလေးတွေလည်း ဆုံးဖြတ်တာပေါ့”

လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ရွေးချယ်ထားတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒီမဲဆန္ဒနယ်တွေမှာ ရွေးချယ်ခံလို သူတွေ အနေနဲ့ စာရင်း တင်သွင်းနိုင်သလို အမတ်လောင်းနေရာကို ဗဟိုအလုပ်အမှုဆောင်က ပြန်လည် စိစစ် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်း နိုင်ငံရေး စိတ်ဝင်စားသူ များလာပြီး ရွေးကောက်ပွဲ ဝင်လိုသူတွေ ရှိလာတဲ့အတွက် လာမယ့် ၂ဝ၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံနိုင်ဖို့ ကြိုတင်ပြင်ဆင် တဲ့ အနေနဲ့ ပါတီကနေ လွှတ်တော် ကိုယ်စားလှယ်ကောင်းတွေ မွေးထုတ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org