နိုင်ငံရေး အကျဉ်းသားများ
2010.12.11

PHOTO: AFP
အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းသံဃာ ဘဝနဲ့ပဲ သိက္ခာပုဒ်ကို ဆက်လက်စောင့်ထိန်းပြီး နေထိုင်ခဲ့တယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မော်လမြိုင်အကျဉ်းထောင်မှာ အနာတွေပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မပေးခဲ့ဘူးလို့လည်း သိရပါတယ်။
ထောင်ဒဏ်ကျခံနေရချိန်မှာ အခုလို ပျံလွန်သွားတဲ့ အရှင်နေမိန္ဒနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |
တချိန်တည်းမှာပဲ အင်းစိန်အကျဉ်းထောင် တိုက်ခန်းတွေမှာ နေရတဲ့ နှစ်ရှည်ထောင်ဒဏ်ကျ အကျဉ်းသား အများစုဟာ မိသားစုတွေ ထောင်ဝင်စာ မပို့နိုင်တဲ့အတွက် အစာအာဟာရ ချို့တဲ့ပြီး ရောဂါဘယတွေ ဝင်နေကြတယ်လို့ စုံစမ်း သိရှိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အင်းစိန်ထောင် (၄) တိုက်မှာ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမောင်မောင်မြင့်ရဲ့ အမဖြစ်သူ မစိုးစိုးက RFA ကို အခုလို ပြောပါတယ်။
“နှစ်တွေက ကြာလာပြီး မိသားစုတွေနဲ့ အဆက်ပြတ်နေတော့ ရိက္ခာတွေ ပြတ်တာပေါ့။ ဘာတွေဖြစ်လဲ ဆိုတော့ ဘယ်လီဘယ်လီ ဆိုတဲ့ ရောဂါတခုပေါ့၊ အီသီယိုးပီးယားတို့ ဘာတို့မှာဖြစ်တဲ့ အစာရေစာ ငတ်တော့ ချို့တဲ့လာတဲ့ ရောဂါတွေ ဝင်လာတယ်တဲ့။ ဝင်လာတော့ နောက်ဆက်တွဲ တီဘီရောဂါတွေ ဖြစ်လာတယ်။ တီဘီရောဂါတွေ တော်တော်များများ ဖြစ်ကြပြီး ဆေးတွေလည်း စနစ်တကျ မသောက်ရတော့ ကိုယ့်ဘာသာကိုယ် ဆင်ခြင်ပြီး နေကြရတယ်တဲ့။ နောက်တခါ အဝတ်အစားတွေကလည်း အရမ်း ဟောင်းနွမ်းစုတ်ပြတ်ပြီး ရှိတဲ့ အဝတ်အစားလေးတွေကို ဖာထေးပြီး ပြန်ပြန် ဝတ်ရတယ်”
အဲဒီ အင်းစိန်ထောင် (၄) တိုက်မှာ နှစ်ရှည်ထောင်ဒဏ် ကျနေတဲ့ ဘိုးတော် (ခေါ်) ဦးခင်ဝင်း၊ ကိုအောင်မျိုးဆန်း (ခေါ်) စာကလေး တို့ ရှိသလို၊ မုံရွာ ကော့သောင်း စတဲ့ မြို့နယ်တွေ့ကနေ အကျဉ်းကျလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အခုလို အနေအထိုင် အစားအသောက် ဒုက္ခရောက်နေတာကို မနေ့က NLD ရုံးချုပ်ကို ရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ မစိုးစိုးက ပြောပါတယ်။
ဒီအတောအတွင်း ၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တဲ့ MDC “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့” ဦးဆောင်ကော်မတီဝင်တဦး ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအေးကြည်ဟာ ဒီကနေ့မနက်က မြောက်ဥက္ကလာပ မြို့နယ်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ဦးအေးကြည်ဟာ ၁၉၉၀ ခုနှစ်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် မကြာခဏ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ သေဆုံးချိန်မှာ အသက် (၅၆) နှစ် ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားသမီး ၅ ယောက် ကျန်ရစ်တယ်လို့ သိရပါတယ်။