မုန်တိုင်းသင့် စစ်တွေဆက်သွယ်ရေးရုံးနား ဖုန်းလိုင်းဖွင့်ပေး
2023.05.15

အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်စီးပြီး ဓာတ်တိုင်အားလုံးနီးပါး ပြိုလဲသွားတဲ့အတွက် လျှပ်စစ်မီး၊ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေလ ၁၅ ရက် ညနေပိုင်းမှာတော့ စစ်တွေမြို့ ဆက်သွယ်ရေးရုံးနားမှာ ဖုန်းလိုင်းဖွင့်ထားပေးတာကြောင့် မြို့ခံ ၂ဝဝ ကျော် ၃၀၀ ဝန်းကျင်ဟာ အဲဒီရုံးရှေ့မှာ စုရုံးပြီး အနယ်နယ်အရပ်ရပ်က မိသားစုဆွေမျိုးသားချင်းတွေနဲ့တယ်လီဖုန်းကတဆင့် စစ်တွေက အပျက်အစီးသတင်းတွေ ပြောတာ၊ မိသားစုအချင်းချင်း အခြေအနေမေးမြန်းတာတွေ လုပ်နေတယ်လို့ စစ်တွေမြို့ခံက ပြောပါတယ်။
ကျောက်တော်နဲ့ မြောက်ဦးဘက်မှာလည်း အပျက်အစီးများပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ ကြားရပေမဲ့ ရခိုင်ပြည်နယ်ထဲက မုန်တိုင်းတိုက်ခတ်သွားရာ မြို့နယ်အားလုံးကို ဆက်သွယ်လို့မရတဲ့အတွက် အသေးစိတ် အခြေအနေတွေ ကို မသိရသေးပါဘူး။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေများတဲ့အတွက် ရခိုင်ပြည်နယ်ကို နိုင်ငံတကာက အားစိုက်ကူညီမှသာ ပြန်လည်ထူထောင်နိုင်တော့မယ့် အခြေအနေရှိတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်းအတွက် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်း ကပြောပါတယ်။
"စစ်တွေမြို့က အကုန်လုံးနီးပါး လုံးလုံးကို ပျက်စီးသွားပြီ။ နေ့လယ်က ကျွန်တော် စစ်တွေကနေ ပုဏ္ဏားဘက်ကို ဆိုင်ကယ်နဲ့လာခဲ့တာ။ လမ်းတစ်လျှောက်လုံးမှာ အပင်တွေအဆောက်အဦးတွေ ပြိုလဲနေတာကို တွေ့ခဲ့ရတယ်။ နောက် လျှပ်စီးမီးတိုင်တွေ၊ တာဝါတိုင်တွေလည်း ကျိုးကြေသွားတော့ တော်တော်လေးတော့မလွယ်တော့ဘူး။ ပြန်လည် တည်ဆောက်ဖို့က မလွယ်တော့ဘူး။ လက်ရှိအစိုးရအနေနဲ့တောင် တော်တော်ကို လုပ်နိုင်ကိုင်နိုင်ဖို့ မလွယ်တော့ဘူး။ နိုင်ငံတကာက အားစိုက်ပါဝင်တော့မှပဲ ပြန်လည်ထူထောင်နိုင်တော့မယ်ထင်ပါတယ်။"
စစ်တွေမြို့မှာတော့ နေအိမ်နဲ့သာသနိက အဆောက်အဦးတွေအပါအဝင် ၉ဝ ရာခိုင်နှုန်းကျော် ပျက်စီးသွားပြီး လူ လေးဦးသေဆုံးတယ်လို့ ကြားရပေမဲ့ ဆက်သွယ်လို့မရတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ စစ်တွေမြို့က ဒေသခံက RFA ပြောပါတယ်။