နိုင်ငံရေးအကျဉ်းသား ၃၄ ဦးကို စင်္ကာပူရောက် မြန်မာတွေ တာဝန်ယူကူညီ
2011.02.20

တ်တလော စင်္ကာပူရောက် မြန်မာတွေ လစဉ် အကူအညီပေးမယ့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၄ ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက NLD ပါတီ ရုံးချုပ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လစဉ် အကူအညီပေးရေး လုပ်ငန်းတွေအတွက် မဲနှိုက်ခွဲဝေ တာဝန်ယူတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ရာမှာ အကျဉ်းသား ၄ ရာကျော်ကို အကူအညီပေးမယ့်သူတွေ ပေါ်ပေါက်ခဲ့အပြီး ကျန်တဲ့ အကျဉ်းသားတွေထဲက ၃၄ ဦးကို စင်္ကာပူရောက် မြန်မာတွေက တာဝန်ယူလိုက်တာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုအတွက် ဆောင်ရွက်နေတဲ့ ဦးတင်မောင်ဝင်းက အခုလို ပြောပါတယ်။
“မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး ဒုက္ခအခက်အခဲနဲ့ ကြုံနေရတယ်လေ။ ဒါကြောင့် ကျနော်တို့ စုပြီးတော့ စကားပြောလိုက်တဲ့အခါကျတော့ ငါတို့လည်း မဲနှိုက်ပြီး တာဝန်ယူမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ စဉ်းစားခဲ့ကြတာပါ”
နိုင်ငံရေး အကျဉ်းသားတွေကို ကူညီဖို့ လာပြီး စာရင်းပေးသူတွေထဲမှာ စင်္ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေ စသဖြင့် လူတန်းစား အသီးသီး ပါဝင်တယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ လိုအပ်တဲ့ ဆေးဝါး အသုံးအဆောင် ကစပြီး လစဉ် လှူဒါန်းကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး ခံယူချက်ကြောင့် အကျဉ်းကျနေသူ ၂ ထောင်ကျော် ရှိနေတယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ စာရင်းအရသိရပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။
စင်္ကာပူရောက် မြန်မာတွေရဲ့ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသူ ဦးအုန်းခင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |