ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးရေး မဲခွဲရာမှာ ကန့်ကွက်မဲများလို့ ရှုံးနိမ့်


2019.02.28
shwemann-ubp-622.jpg ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ထောင်တဲ့ သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Thura U Shwe Mann's FB

သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို မတ်လ ၁ ရက်နေ့ကစပြီး ရုပ်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

တနှစ်တစ်ကြိမ် ထပ်မံသက်တမ်းတိုးဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားရယူရာမှာ ကန့်ကွက်မဲ ၅၅၅ မဲ၊ ထောက်ခံမဲ ၂၀ မဲသာရရှိခဲ့တဲ့အတွက် အခုလို ရုပ်သိမ်းစာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီ ကော်မရှင်ကို အစဉ်တစိုက်ကန့်ကွက်ခဲ့တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေတင်မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်တွေကပါ ဒီနေ့ ကန့်ကွက်မဲပေးခဲ့တာပါ။

လာမယ့် မတ်လ ၁ ရက်နေ့ကစပြီး အဲဒီကော်မရှင်ဖွဲ့စည်းမှုကို ရုပ်သိမ်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်လက်မှတ်နဲ့ ဒီနေ့ ထုတ်ပြန်တဲ့ အမိန့်ကြေညာစာမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သူရဦးရွှေမန်းနဲ့ ကော်မရှင်အဖွဲ့ဝင်တချို့ဟာ ပြည်ထောင် စုကောင်းကျိုးဆောင်ပါတီ ဆိုတဲ့ အမည်နဲ့ နိုင်ငံရေးပါတီ တည်ထောင်ဖို့ ဒီလ ၅ ရက်နေ့က ရွေးကောက်ပွဲကော်မရှင် မှာ လျှောက်ထားခဲ့ပါတယ်။

ကော်မရှင်ကို အစဉ်တစိုက်ကန့်ကွက်ခဲ့တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေတင်မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေကပါ ကန့်ကွက်ခဲ့တာပါ။

"အခုက သူက နိုင်ငံရေးပါတီကို ထောင်လိုက်ပြီ၊ ဒီထဲက ၁၂ ဦးလောက်ကလည်း နိုင်ငံရေးပါတီထဲပါသွားတယ်၊ ဥက္ကဋ္ဌကလည်း သူရဦးရွှေမန်း ကိုယ်တိုင်ကလည်း ဖြစ်နေတယ်ဆိုတော့ ပါတီတစ်ခုကလည်း အတည်ဖြစ်နေ တယ်ဆိုတော့ ဥပဒေပြုရေး အခန်းကဏ္ဍမှာ ကော်မရှင်အနေနဲ့ ဆက်ပြီးတော့ ပါနေလို့ မသင့်တော်တော့ဘူးလို့ ဒါကြောင့် ရှေ့လျှောက်သက်တမ်းတိုးတာကို မလုပ်သင့်ဘူးထင်လို့ ကန့်ကွက်လိုက်တာပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ပြောသွားတာပါ။

ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ဝင်အချို့ဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဆိုတဲ့ နာမည်နဲ့ နိုင်ငံရေးပါတီတရပ် တည်ထောင်ဖို့ ဒီလ ၅ ရက်က ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားပြီးလည်းဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် အမြင်ကတော့

"ဥပဒေနဲ့ မညီပါဘူးလို့ ကျွန်တော်တို့ တောက်လျှောက် ထောက်ပြ၊ ပြောပြနေပေမယ့် အဲတုံးကတော့ မဲအသာနဲ့ပဲ အနိုင်ယူပြီးတော့ လုပ်လိုက်တာပဲ အခုကျတော့ အဲဒီဟာတွေကို ဘာမှ ခေါင်းထဲမှာ မရှိတော့ဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ငါတို့ မလိုတော့ဘူးဆိုတဲ့ အချိန်မှာတော့ ပစ်ပယ်လိုက်တဲ့ သဘောဖြစ်သွား တာပေါ့နော်"

ဗိုလ်မှူးချုပ်မောင်မောင်ဟာ ကော်မရှင်စတင်ဖွဲ့စည်းတဲ့ ၂၀၁၇ ခုနှစ်၊ မေလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်ပြခဲ့ပေမယ့် ခုံရုံးက ညီညွတ်တယ်ဆိုပြီး ပယ်ချခဲ့ဖူးပါတယ်။

ကော်မရှင်သက်တမ်းတိုးတာကို လွှတ်တော်က ကန့်ကွက်တဲ့အပေါ် သူရဦးရွှေမန်းက အခုလိုပြောပါတယ်။

"ဒီဟာက ကြိုတင်ညှိနှိုင်းမှု မရှိပါဘူး၊ ဒါတွေကတော့ တစ်ခါတစ်ခါမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ နိုင်ငံရေး ဆိုတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ခါတစ်ခါမှာလည်း မူယာ မာယာတွေ များတတ်ပါတယ်"

သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ အမြင်ကတော့

"ဒီကော်မရှင်က အရင်ထဲက အခြေခံဥပဒေနဲ့ ဘောင်မဝင်ဘူး၊ သို့သော်လည်း ဒီကနေ့ လွှတ်တော်အမတ်တွေက ၃ နှစ်ကျော်လာတော့ ရေးရာကော်မတီအသီးသီးက လုပ်တက်နေပြီပဲ၊ ဒီကော်မတီ သိပ်မလိုတော့ပါဘူး၊ တိုင်းပြည်အတွက် ဘဏ္ဍာရေးလည်းကုန်တယ်၊ အသုံးစရိတ်တွေလည်း ပိုတယ်"

သူရဦးရွှေမန်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်က လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ပေး အပ်ခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားခံရတဲ့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာပါ ရှုံးနိမ့်ခဲ့တဲ့ သူရဦးရွှေမန်းကို လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တာလည်းဖြစ်ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။