ရွှေသောင်ယံမြို့က ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ဖိအားပေး ရွှေ့ပြောင်းခိုင်း

ရွှေသောင်ယံမြို့မှာ လာရောက်ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေက ဒီဇင်ဘာ ၁၄ ရက်နေ့ကစလို့ တစ်ပတ်အတွင်း ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေက ဒီနေ့ပြောပါတယ်။

ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှာ လာရောက်ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေက ဒီဇင်ဘာ ၁၄ ရက်နေ့ကစလို့ တစ်ပတ်အတွင်း ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေက ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ပြောပါတယ်။

ရွှေသောင်ယံမြို့မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တွေနဲ့ ရေလုပ်ငန်း လာရောက်လုပ်ကိုင်နေသူတွေ ရှိနေတာဖြစ်ပြီး သူတို့အားလုံးကို ရခိုင်ပြည်နယ်နဲ့ဝေးတဲ့ ဧရာဝတီတိုင်းက နောက်ထပ် မြို့ရွာတွေကို ပြောင်းရွှေ့ကြဖို့ ဖိအားပေးနေတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေသောင်ယံမြို့မှာ ဂွဘက်က လုပ်ငန်းလုပ်တဲ့သူတွေ ရှိကြတယ်။ ကျွန်တော်တို့ စစ်ရှောင်တွေရော ဘာရော အကုန်လေ။ အဲဒါတွေကို အကုန်မနေရဘူးဆိုပြီးတော့ တစ်ပတ်အတွင်း ဖယ်ပေးရမယ်ဆိုပြီး ပြောတယ်။ ငါးဖမ်းလှေတွေကတော့ မဆင်းရတာ ကြာပြီလေ။ ငါးဖမ်းလှေတွေကို ပိတ်လည်းပြီးရော အခုကျတော့ ၁၄ ရက်နေ့ကနေ ထပ်ပြောတာပေါ့။ စစ်ရှောင်တွေ ဖယ်ပေးရမယ်။ နေလို့မရဘူးပေါ့”

ဘာကြောင့် ရွှေ့ပြောင်းခိုင်းတယ်ဆိုတာ အတိအကျ မသိရသေးဘဲ နေရပ်စွန့်ခွာလာသူတွေကို ဧရာဝတီတိုင်းအတွင်း ရေလုပ်ငန်းလုပ်ကိုင်ခွင့် ကန့်သတ်တာ၊ စစ်ဆေးမှု တင်းကျပ်တာတွေလည်း တိုးလုပ်လာတယ်လို့ သူက ပြောပါတယ်။

ဒီ့အပြင် ချောင်းသာနဲ့ ရွှေသောင်ယံမြို့ကို ရခိုင်ပြည်နယ်ကနေ ရွှေ့ပြောင်းလာတဲ့အခါ နေထိုင်ခွင့်ရဖို့အတွက် ပုသိမ်မြို့က အုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံချက်ရဖို့ လူကိုယ်တိုင် ထောက်ခံစာ သွားလုပ်ရတယ်လို့ ချောင်းသာ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေသောင်ယံမြို့မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်ရှိပြီး အခုလို ကန့်သတ်ချက်တွေ များလာတာကြောင့် နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် ခက်ခဲလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

အခုပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်တွေရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ် ဂွမြို့အနီးမှာ တိုက်ပွဲ ပြင်းထန်လာပြီးနောက် အခုဒီဇင်ဘာအတွင်းမှာပဲ စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမတစ်လျှောက်မှာ အမြောက်လက်နက်ကြီးတွေ တပ်တာ၊ မြေမြှုပ်မိုင်း ထောင်တာနဲ့ ဧရာဝတီတိုင်းဘက်က အရပ်သားတွေကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org