မသန်စွမ်း ၁၅ ရာခိုင်နှုန်း အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းသူ ၃ ရာခိုင်နှုန်းလောက်သာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ တက်ရောက်ခွင့်ရရှိကြပြီး ၁၅ ရာခိုင်နှုန်းလောက်ဟာ အစာရေစာ ပြတ်လပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ဥက္ကဌ ဦးမြတ်သူဝင်း က ဒီနေ့ ပြောပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နဲ့ LDSC (Latter-day Saint Charities) အဖွဲ့တို့ ပူးပေါင်းပြီး ခြေတုပေးအပ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းသူ ၃ ရာခိုင်နှုန်းလောက်သာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ တက်ရောက်ခွင့်ရရှိကြပြီး ၁၅ ရာခိုင်နှုန်းလောက်ဟာ အစာရေစာ ပြတ်လပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ဥက္ကဌ ဦးမြတ်သူဝင်း က ဒီနေ့ ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပတဲ့ မသန်စွမ်းသူတွေအတွက် ခြေတုပေးအပ်ပွဲ အခမ်းအနားမှာ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ဥက္ကဌ ဦးမြတ်သူဝင်း က ပြောခဲ့တာ ဖြစ်ပါတယ်။

"မသန်စွမ်းသူ ၇၈ ရာခိုင်နှုန်းလောက်က အလုပ်အကိုင် အခွင့်အလမ်းမရှိကြပါဘူး၊ ၃ ရာခိုင်နှုန်းက မသန်စွမ်းကျောင်းတွေ ရန်ကုန်မှာရှိတဲ့ ၁၀၀ မှာ ၃ ယောက်လောက်ပဲ ဒီလိုမျိုး အခွင့်အရေးတွေရှိပါတယ်၊ မနေ့က လွှတ်တော်ဥက္ကဌကြီးနဲ့ တွေ့တော့လည်း ကျနော်ဒါတွေ တင်ပြတယ်၊ ရခိုင်ပြည်နယ်မှာ Vocational Training Centre တွေမရှိဘူး၊ ဒါတွေ ကျနော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ မနေ့က ဆွေးနွေးခဲ့ပါတယ်၊ မနက်ဖြန်လည်း ဝန်ကြီးချုပ်နဲ့ အစည်းအဝေးရှိပါတယ်၊ ဒါတွေတင်ပြဖို့ရှိပါတယ်၊ အစာရေစာပြတ်လတ်မှုက မသန်စွမ်း ၃၃၄ ဦးမှာရရှိတဲ့ ရလဒ်တွေမှာ ၁၅ ရာခိုင်နှုန်းလောက်က အစာရေစာပြတ်လတ်မှုနဲ့ ကြုံတွေနေရတာရှိပါတယ်"

ရွှေမင်းသား ဖောင်ဒေးရှင်းဟာ ရခိုင်ပြည်နယ်က မသန်စွမ်းသူတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တွေ၊ မြောက်ဦး၊ သံတွဲ စတဲ့ ခရိုင် သုံးခုမှာ ပြီးခဲ့တဲ့ ၂၀၁၆- ၂၀၁၇ ခုနှစ်က  နှစ်နှစ်တာ အချိန်ယူပြီး သုတေသန ပြုလုပ်ခဲ့ရာမှာ မသန်စွမ်းသူ ၉၉ ရာခိုင်နှုန်းဟာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတာ တွေ့ရတယ်လို့ ပြောပါတယ်။

မသန်စွမ်းသူတစ်ဦးရဲ့ တစ်လ ဝင်ငွေဟာ ကျပ်တစ်သောင်းဝန်းကျင်သာရှိပြီး သန့်ရှင်းတဲ့ရေ မရရှိတာဟာ ၃၁ ရာခိုင်နှုန်းထိရှိသလို မသန်စွမ်းသူတွေရဲ့ ၅၁ ရာခိုင်နှုန်းဟာ အိမ်သာ သုံးစွဲနိုင်ခြင်း မရှိကြဘူးလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူဦးရေ တစ်သိန်း တစ်သောင်းကျော်၊ ပြည်နယ် လူဦးရေရဲ့ ငါးရာခိုင်နှုန်းကျော်ရှိပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို မသန်စွမ်းသူဦးရေ ရာခိုင်နှုန်း အများဆုံး ရှိနေတယ်လို့လည်း သိရပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နဲ့ LDSC (Latter-day Saint Charities) အဖွဲ့တို့ ပူးပေါင်းပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ စစ်တွေ စတဲ့ မြို့နယ်တွေက မသန်စွမ်းသူတွေအတွက် ခြေတုပေါင်း ၄၈ ခုကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒီနေ့ ပေးအပ် လှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org