ရွှေဗျိုင်းဖြူကုမ္ပဏီ မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုတွေရှိနေ

တယ်လီနောမြန်မာရဲ့ လုပ်ငန်းတွေကို ရောင်းချတဲ့အခါ ၈ဝ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူ ကုမ္ပဏီက ပိုင်ဆိုင်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာ တွေ့ရစဉ်

နော်ဝေနိုင်ငံ၊ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောရဲ့ မြန်မာနိုင်ငံလုပ်ငန်းတွေကို ရောင်းချတဲ့အခါ လက်ဘနွန်နိုင်ငံက M1 ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ကို မကြာခင်ရောင်းချတော့မယ်လို့ Reuters သတင်းမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားပြီး တယ်လီနောမြန်မာလုပ်ငန်းရဲ့ ၈ဝ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူ ကုမ္ပဏီက ပိုင်ဆိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ ရွှေဗျိုင်းဖြူကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်နွယ်မှုတွေ ရှိခဲ့တဲ့သူဖြစ်တယ်လို့လည်း Reuters က ရေးပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဦးတေဇပိုင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း MPTA လုပ်ငန်းကို စတင်ထူထောင်တဲ့အထဲမှာ ပါဝင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံတွေက MPTA ကို အရေးယူပိတ်ဆို့ထားတယ်လို့ မြန်မာ့အရေးလှုပ်ရှားတဲ့ Justice for Myanmar အဖွဲ့က မနေ့က ကြေညာချက်ထုတ်ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ တစ်ခုမက ဆက်နွယ်မှု တွေ ရှိနေတဲ့ အထောက်အထားတွေကိုလည်း Justice for Myanmar အဖွဲ့က ဖော်ထုတ် ထားပါတယ်။ မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနော လုပ်ငန်းတွေကို ရသွားရင် မြန်မာပြည်သူ ၁၈ သန်းရဲ့ အချက်အလက်တွေကို စစ်အုပ်စုက ရသွားတဲ့သဘောဖြစ်လို့ ဒီအချက်ကို ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အဖွဲ့တွေက စိုးရိမ်နေကြ ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်တော့ ဘဲ လုပ်ငန်းရပ်ဆိုင်းတော့မယ့် နိုင်ငံခြားကုမ္ပဏီတွေထဲမှာ တယ်လီနောလည်း ပါဝင် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org