မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဆန္ဒပြ
2011.12.14

အဲဒီဆန္ဒပြပွဲမှာ မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် FTUB က တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင် ပြောကြားတာကတော့။
“ဒီအိန္ဒိယနိုင်ငံ ဒေလီမြို့မှာကျွန်တော်တို့ ဆန္ဒဖေါ်ထုတ်ကြတယ်။ ဒါဟာဘာလဲဆိုတော့ ဒီမိုကရေစီရဲ့အခြေခံရပိုင်ခွင့်တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ဆိုတာကို ကျွန်တော်တို့ လက်တွေ့ပြသတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ ရတ်ဖြူဂျီအနေနဲ့ နေရတယ်။ ဒီနိုင်ငံမှာ ကျွန်တော်တို့ မှီခိုသူအနေနဲ့ နေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖေါ်ထုတ်ချင်တဲ့ဆန္ဒကို ဖေါ်ထုတ်ပြသခွင့် ရတယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခု ဖြစ်ပါတယ်။ ဒီလိုအနှစ်သာရမျိုးကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ရှေးရှူနေပါပြီဆိုတဲ့ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုမျိုးဆန္ဒပြခွင့်တွေ လွတ်လွတ်လပ်လပ်ရဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့လိုလားတဲ့ဆန္ဒကို ကျွန်တော်တို့ ဒီနေရာမှာ ဖေါ်ထုတ်တာဖြစ်ပါတယ်”
သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ဖြစ်ကြောင်း ပြသမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ သန့်ရှင်းပြီး တရားမျှတမှုရှိသလားဆိုတာကို အရင်ဆုံး ဖေါ်ထုတ်ရမှာဖြစ်ပြီး အိန္ဒိယလို ဒီမိုကရေစီနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာ ပြည်သူပြည်သားတွေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖြစ် ဖိတ်ခေါ်တဲ့အပေါ်မှာ အခုလို ကန့်ကွက်ဆန္ဒပြရတာဟာ လူထုရဲ့ ဆန္ဒသဘောထားအမှန်နဲ့ တတ်လာတဲ့အစိုးရမဟုတ်ကြောင်း ပြလိုက်တာပါလို့ ဒေါက်တာ ဇော်ဝင်းအောင်က ပြောပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့မြန်မာ လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဟာ အိန္ဒိယ အထက်နဲ့အောက် လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ငါးရက်ကြာလာရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီအင်အားစု ငါးဆယ်လောက်က နယူးဒေလီရှိ အိန္ဒိယပါလီမန်အနီက ဂျန်တား မန်တားပန်ခြံအနီးမှာ ဒီကနေ့မနက်ပိုင်းက ကန့်ကွက်ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။