ရွှေညဝါဆရာတော် ပြည်ပခရီးစတင်

ပြည်တွင်းမှာ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟဟာ (၃) လကြာ ဓမ္မဒူတ ပြည်ပခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ဆရာတော်ဟာ ဒီကနေ့မနက် ၁၀ နာရီလောက်မှာ အမေရိကန် ပြည်ထောင်စုကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာပါ။

2012.07.25
shwe-nya-wa-yangon-airport-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ပြည်ပ ဓမ္မဒူတခရီး ကြွချီမည့် ရွှေညဝါ ဆရာတော် ဦးပညာသီဟကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်၌ လိုက်ပါပို့ဆောင်သူများနှင့်အတူ တွေ့ရစဉ်။
RFA

အခုလို ပြည်ပခရီး ကြွချီ်တာဟာ ပြည်တွင်းမှာ မိမိကို တရားဟောကြားခွင့် ပိတ်ပင်ခံထားရတဲ့ အချက်နဲ့လည်း ဆက်စပ်နေကြောင်း ဆရာတော်က RFA ကို မိန့်ကြားခဲ့ပါတယ်။

"ပြည်တွင်းမှာ ငါ့ကိုတရားပွဲတွေပိတ်ထားတော့ ပြည်ပက ပင့်လို့ငါကြွတာ။ တဝါတွင်းကြာမှာပေါ့။ ဝါကျွတ်မှ ပြန်လာမှာ။ တရားဟောတဲ့ တရားတွေမှာလည်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး အကုန်ပါရမှာကိုး။ အဲတော့ ငါကရှိတဲ့အတိုင်း ဟောတာ။ ဒါပေမဲ့ ငါက မှန်တဲ့အတိုင်း ပြောတတ်တဲ့အတွက် အယူအဆချင်း မတူလို့၊ သဘောထားချင်း မတိုက်ဆိုင်လို့၊ ခံယူချက်ချင်း ကွဲလွှဲတဲ့ အတွက်ကြောင့် အခုလိုမျိုး အရေးယူခံရတာ"

ဆရာတော်ကြီးရဲ့ ပြည်ပခရီးစဉ်ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ မှော်ဘီ၊ ကြည့်မြင်တိုင် စတဲ့ မြို့နယ်တွေက ဒါယိကာ၊ ဒါယိကာမတွေ အပါအဝင် ပရိသတ် ၂၀၀ ကျော်လောက် လေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

လေဆိပ်ကို လိုက်လံပို့ဆောင်ရာမှာ ပါဝင်တဲ့ ဒါယိကာမ တစ်ယောက်က ဆရာတော် ခရီးထွက်တဲ့အတွက် သူ့အနေနဲ့ ဝမ်းသာ ဝမ်းနည်း ဖြစ်ရတယ်လို့ ပြောပါတယ်။

"ဆရာတော်ကြီး သုံးလလောက် ကြွမယ်ဆိုတော့ အစ်မတို့အဖို့ကတော့ တော်တော်လေးကို ဝမ်းနည်းသွားတာပေါ့။ ဒါပေမဲ့ ကောင်းသောအရာနဲ့ သွားတယ်ဆိုတာလည်း သဘောပေါက်လိုက်ပါတယ်"

ရွှေညဝါ ဆရာတော်ဟာ ဦးစွာပထမ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့အနီး ဥက္ကလံမြို့က မြန်မာ ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ ယာယီ သီတင်းသုံးမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုအပြင် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကိုပါ သွားရောက်ပါလိမ့်မယ်။ ဆရာတော်ဟာ မှော်ဘီမြို့မှာ ရွှေညဝါ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်နဲ့ သင်တန်းကျောင်း အဆောက်အအုံ တည်ဆောက်ဖို့ ရည်ရွယ်ပြီး အခုလို ဓမ္မဓူတခရီး ကြွချီတာလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။