UNFC မှ နုတ်ထွက်သည့်သတင်း မမှန်ကြောင်း SSA မြောက်ပိုင်း ငြင်းဆို
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UNFC) က နုတ်ထွက်လိုက်တယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း SSA-N ကိုယ်စားလှယ်က ငြင်းဆိုပါတယ်။
-
2011-04-21 -
-
-
SSA-မြောက်ပိုင်းအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အဖွဲ့ကို အခုနှစ်ဆန်းပိုင်းက ဝင်ရောက်ခဲ့ပေမဲ့ အဖွဲ့ရဲ့ အခြေခံမူတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရတာကြောင့် အခုလို နုတ်ထွက်လိုက်တာဖြစ်ကြောင်း SSA- တောင်ပိုင်းအဖွဲ့က ရရှိတဲ့ သတင်းကို အခြေခံပြီး သတင်းနဲ့ မီဒီယာ ကွန်ရက်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFAက ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး ပိန်ဖကို မေးမြန်းတဲ့အခါမှာ အခုလို ပြောပါတယ်။
“လုပ်ကြံတဲ့ သတင်းပဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဗဟိုကလည်း ဘာမှ ထုတ်ပြန်ချက်လည်း မရှိဘူး။ ကျွန်တော့ဆီမှာလည်း အကြောင်းမကြားဘူး။ ကျွန်တော် ဗဟိုကို မေးတော့ အဲဒါ သူတို့လည်း မမှန်ဘူး။ ကောလာဟလ သတင်းပဲ ဖြစ်တယ်လို့ ကျွန်တော် အဲလိုပဲ ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း SSA-မြောက်ပိုင်းအဖွဲ့နဲ့ စစ်အစိုးရတို့ လားရှိုးမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းဟာလည်း သတင်းမှားဖြစ်ကြောင်း SSA-မြောက်ပိုင်းအဖွဲ့က ငြင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။