တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ရှမ်းအဖွဲ့ ရှုတ်ချ

မြန်မာအစိုးရတပ်ဖွဲ့တွေဟာ အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)ကို တိုက်ခိုက်နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ရှမ်းပြည် လူမှု အသိုင်းအဝိုင်း အခြေပြု အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် ကျေးရွာတခုမှ သာမန်ပြည်သူများ နေ့စဉ်ဘဝ သွားလာလှုပ်ရှားနေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman) Photo: RFA / Tyler Chapman)

အဲဒီအထဲမှာ ပြီးခဲ့တဲ့ လ ၁၃-ရက်နေ့က ကျေးသီးမံစံမြို့နယ်၊ နန်းလောင်းကျေးရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကိုရင် ၄ ပါး ပျံလွန်တော်မူသွားတာ၊ အမျိုးသမီး ၃ ဦးကို စစ်သားတွေက အုပ်စုလိုက် အဓမ္မပြုကျင့်တာ၊ ရွာသားတွေကို ရိုက်နှက်တာတွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေက ထိုးနှက်တိုက်ခိုက်ဖို့ မလွယ်ကူအောင် မြန်မာစစ်သားတွေက အမျိုးသမီးတွေကို စစ်ကြောင်းရှေ့က ထားပြီး သွားခိုင်းတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါအပြင် မြန်မာတပ်မတော်ရဲ့ ရန်က ကြောက်ရွံ့ပြီး မိုင်းရှူးမြို့နယ်အတွင်းမှာ ရွာသားတွေဟာ ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ပါရှိပါတယ်။

အဲဒီ သတင်းအချက်အလက်တွေကို ရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး ရှမ်းပြည် လူမှုအသိုင်းအဝိုင်း အခြေပြုအဖွဲ့ တဖွဲ့မှာ ပါဝင်တဲ့ ရှမ်းအမျိုးသမီး ယိင်းကော်တိုင်း က အခုလိုရှင်းပြပါတယ်။

“အဲဒီ SSA နောက်ကနေလည်း ရတယ်။ နောက်တခုကျတော့ စစ်တပ်တွေကြောင့် တချို့လူတွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ အဲဒီကဟာလည်း သတင်းအချက်အလက် ရတယ်။ နောက်တခုကျတော့ ရှမ်းသံတော်ဆင့် အဖွဲ့ဆီမှာလည်း ဒီကနေပြီးတော့ သတင်းအချက်အလက်တွေ ကောက်ပါတယ်ရှင့်။ ထိုင်းနိုင်ငံထဲ ရောက်တဲ့လူတွေလည်း သူတို့ဆီကနေ မေးမြန်းပြီးတော့မှ ရပါတယ်ရှင့်။ ပြီးတော့ ထွက်ပြေးပြီးတော့မှ ဒီဒေသကို ရောက်လာတဲ့ လူတွေပေါ့နော်၊ သတင်းအချက်အလက်တွေ အဲဒီကနေ နည်းနည်း ရတယ်ရှင့်။ ကျွန်မတို့ information သတင်းအချက်အလက်တွေ ရတာ နည်းနည်းလေး အခက်အခဲတွေလည်း ရှိတယ်ပေါ့နော်။ အကုန်”

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ နဝတ စစ်အစိုးရ လက်ထက်ကတည်းက အပစ်အခတ် ရပ်စဲခဲ့တာ ၂၂ နှစ် ရှိခဲ့ပြီဖြစ်ပြီး အခု အစိုးရသစ်လက်ထက်မှာ ပြန်လည် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org