ရှမ်းနှစ်ဖွဲ့ အပစ်ရပ်ဖို့ ရှမ်းသံဃာနဲ့ပြည်သူ ပူးပေါင်းကော်မတီ တောင်းဆို

ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)တို့ကြား တိုက်ပွဲတွေရပ်တန့်ပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ရှမ်းသံဃာနဲ့ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေအပေါ် ထိခိုက်နေလို့ အခုလိုတောင်းဆိုတာဖြစ်ပြီး နောက်ပိုင်းမှာလည်း နှစ်ဖက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ ကော်မတီ ဗဟိုအဖွဲ့ဝင် စိုင်းခမ်းအောင်က RFA ကို ပြောပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်လန် စတဲ့မြို့တွေမှာ ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲတွေစတင်ခဲ့ပြီး နှစ်တပ်စလုံးရဲ့ မဟာမိတ်တွေပါ ပါ၀င်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာခဲ့သလို ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါအပြင် လူအခွင့်ရေးချိုးဖောက်မှုတွေပါ ခံစား နေရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
တိုက်ပွဲကြောင့် ၂၀၂၁ ခုနှစ်ထဲမှာတင် မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်နဲ့ တောင်ပိုင်း ကျေးသီးမြို့မှာ ဒုက္ခသည် ၇၀၀၀ ခန့်ရှိပြီး လက်ရှိမှာလည်း ကျောက်မဲနဲ့ မိုင်းကိုင်မြို့ နယ်တွေ ဘက်မှာ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တပ်တွေ အပစ်ရပ်ရေးအတွက် ရှမ်းသံဃာတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရှမ်းလူထုတွေဟာ ၂၀၁၅ ခုနှစ်ကတည်းက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ရှမ်းတပ်တွေကတော့ နယ်မြေစိုးမိုးမှုအပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးမှု အဆင်မပြေသေးဘူးလို့ RCSS နဲ့ SSPP ပြန်ကြားရေးတာဝန်ရှိသူတွေက RFA ကို ဖြေဆိုထားပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RCSS နဲ့ SSPP တပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ သဘောထားကိုသိရဖို့ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲတွေ နေ့စဉ် နီးပါးဖြစ်ပွားနေသလို မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲမြို့နယ်တွေမှာလည်း SSPP အပါအဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။