ရေကာတာစီမံကိန်းတွေရပ်တန့်ဖို့ ရှမ်းပြည်နယ်က ဒေသခံတွေတောင်းဆို
ရှမ်းပြည်နယ်တွင်းက ရေကာတာစီမံကိန်းတွေကို ရပ်တန့်ပေးဖို့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ သီပေါ၊ ကျောက်မဲနဲ့ ကွန်ဟိန်မြို့နယ်က ဒေသခံ ၃၀၀ ကျော် ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။
-
RFA Burmese
2024-03-15 -
-
-
ရှမ်းပြည်နယ်တွင်းက ရေကာတာစီမံကိန်းတွေကို ရပ်တန့်ပေးဖို့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ သီပေါ၊ ကျောက်မဲနဲ့ ကွန်ဟိန်မြို့နယ်က ဒေသခံ ၃၀၀ ကျော် ဆုတောင်းပွဲ လုပ်ခဲ့တယ်လို့ ရှမ်းပြည်မြစ်ချောင်းများကွန်ရက်က မတ်လ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ်၊ သီပေါမြို့ နမ္မတူကျေးရွာအုပ်စုက ဒေသခံ ၂၀၀ ကျော်က နမ္မတူမြစ်မှာ ရေကာတာတည်ဆောက်နေတာကို ဆန့်ကျင်ကြောင်း ကန့်ကွက်ခဲ့ကြသလို ကျောက်မဲမြို့ခံ ၃၀ ကျော်ဟာလည်း ကျောက်မဲမြို့က နမ္မတူမြစ်ကမ်းဘေးမှာ ရှမ်းပြည်နယ်အတွင်းက ရေကာတာ တည်ဆောက်နေတာတွေကို ရပ်တန့်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်မြို့ခံ ၁၀၀ ခန့်ဟာလည်း အဲ့ဒီနေ့မှာပဲ ရေကာတာစီမံကိန်းတွေကို ကန့်ကွက်တဲ့အနေနဲ့ စုဝေးမှုတစ်ခုကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နမ္မတူမြစ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိကကျတဲ့မြစ်ဖြစ်ပြီး ဒေသခံတောင်သူတွေ စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အားထားနေရတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့လတွေကစလို့ နမ္မတူမြစ်တစ်လျှောက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အဖွဲ့တွေကြား ပဋိပက္ခတွေပြင်းထန်နေပေမယ့် အထက်ရဲရွာရေကာတာစီမံကိန်းနဲ့ နမ္မတူကျေးရွာ ရေကာတာစီမံကိန်းတွေက ဆက်လက်လည်ပတ်နေတယ်လို့ ရှမ်းပြည်မြစ်ချောင်းများကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။