ဖမ်းဆီးခံထားရတဲ့ ရန်ကုန်က သတင်းထောက် ခုနစ်ယောက်ပြန်လွတ်

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းထောက် ခုနစ်ယောက်ကို စစ်ကောင်စီက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ အလွတ်တန်းသတင်းထောက် ကိုဗညားဦး၊ Myanmar Press Photo Agency ကသတင်းထောက် ကိုရဲမျိုးခန့်၊ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်း၊ 7Day News သတင်းဌာနက ကိုအောင်ရဲ၊ Myanmar Postက အယ်ဒီတာ ကိုသော်ဇင်နဲ့ ဇီးကွက်သတင်းဌာနက သတင်းထောက် ဟိန်းပြည့်ဇော်တို့ ပြန်လွတ်လာတာပါ။
သူတို့တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အစောပိုင်း ဆန္ဒပြပွဲ တွေမှာ သတင်းမှတ်တမ်းရယူရင်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရတဲ့ သတင်းထောက်စာရင်းတွေကို ကောက်ယူပြုစုနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာ သတင်းသမားများ Detained Journalists Information Myanmar စာမျက်နှာအရ ဖေဖော်ဝါရီ ၁၄ ကနေ ဇွန် ၂၇ ရက်အထိ အဖမ်းခံထားရတဲ့သတင်းထောက် ၈၇ ယောက်ရှိပါတယ်။
ဖမ်းဆီးခံရသူ ၂၃၄၂ ယောက်ကို ဒီနေ့ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင် ကနေ လွတ်မြောက်သူ ၇၂၁ ယောက်ရှိပါတယ်။
အင်းစိန်ထောင်က ပြန်လွတ်လာသူ အများစုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ခံထားရသူတွေဖြစ်ပါတယ်။
ဖမ်းဆီးခံထားသူတချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ် ပြုမှုရရှိဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ AAPP က ဒီနေ့ ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာပြီး တစ်ပြိုင်တည်းမှာပဲ ထုတ်ပြန်လိုက်ပါတယ်။