သေဒဏ်ချမှတ်ခံရသူတွေ ခုခံကာကွယ်ခွင့် ဆုံးရှုံး

စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာ နဲ့ လှိုင်သာယာမြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားသူတွေဟာ ဥပဒေအရ ခုခံ ကာကွယ်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေနဲ့ အမှုကို လိုက်ပါ ကူညီလိုတဲ့ ရှေ့နေတွေက ပြောပါတယ်။

စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က ကိုအောင်အောင်ထက်နဲ့ ကိုဘိုဘိုသူ တို့ကို တွေ့ရစဉ် .

စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာနဲ့ လှိုင်သာယာမြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားသူတွေဟာ ဥပဒေအရ ခုခံကာကွယ်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ သူတို့ရဲ့ မိသားစုဝင် တွေနဲ့ အမှုကို လိုက်ပါကူညီလိုတဲ့ ရှေ့နေတွေက ပြောပါတယ်။

အဆိုးဆုံးကတော့ ပြစ်မှုနဲ့ လုံးဝမသက်မဆိုင်သူတွေပါ စစ်ကောင်စီက မျက်ကွယ်သေဒဏ်ပေးတဲ့အတွက် အခုချိန်ထိ ရှောင်ပုန်းနေရတာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ဗိုလ်ကြီးတစ်ယောက်နဲ့အတူပါလာတဲ့ အမျိုးသားတစ်ယောက် သေဆုံးမှုနဲ့ လူငယ် နှစ်ယောက်ကို သေဒဏ်၊ ၁၇ ယောက်ကို မျက်ကွယ် သေဒဏ်၊ လှိုင်သာယာမြို့နယ်က သတင်းပေးတယ်ဆိုတဲ့ အမျိုးသမီး သေဆုံးမှုအတွက် စစ်ခုံရုံးဖွဲ့ပြီး အရပ်သား ခုနစ်ယောက်ကို သေဒဏ် ချမှတ်ထားတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ည ရပ်ကွက်က ခေမာကျောင်းလမ်း လူသတ်မှု၊ ဓားပြမှုနဲ့ သေဒဏ် ချခံထားရသူ ၁၉ ယောက်ထဲမှာ၊ ပြစ်မှုနဲ့ လုံးဝမပတ်သက်ဘဲ သေဒဏ်ချခံရထားရတဲ့ ကိုဘိုဘိုသူ လည်း ပါဝင်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မတ် ၂၈ မနက်မှာ စစ်ကောင်စီတပ်တွေက ကိုဘိုဘိုသူ ကို ရိုက်နှက်ဖမ်းဆီးသွားပြီး သေဒဏ်ချမှတ်ခဲ့တာ ကြောင့် တရားမျှတမှုလိုချင်တယ်လို့ ကိုဘိုဘိုသူရဲ့ အမေက ပြောပါတယ်။

ကိုဘိုဘိုသူဟာ လူသတ်မှုဖြစ်တဲ့နေရာကို ရောက်ရုံသာ ရောက်ခဲ့ပြီး၊ ကိုယ်တိုင် မပါခဲ့တဲ့အတွက် စိတ်အေး လက်အေးနေဖို့ သူ့မိခင်ကို ပြောခဲ့ပြီး၊ သူကိုယ်တိုင်ကလည်း ထွက်ပြေးတိမ်းရှောင်တာမျိုး မလုပ်ဘဲ၊ အိမ်မှာပဲနေခဲ့တာလို့လည်း သူ့မိခင်က ဆိုပါတယ်။

ကိုဘိုဘိုသူနဲ့ ကိုအောင်အောင်ထက် ကို စစ်တပ်က မတ် ၂၈ ရက်မှာ ဖမ်းဆီးပြီး၊ ထွက်ပြေးနေရသူ ၁၇ ယောက် ကိုပါ ဧပြီ ၈ ရက်နေ့မှာ မျက်ကွယ်သေဒဏ် ချမှတ်ခဲ့တာပါ။

ကိုဘိုဘိုသူ တို့နှစ်ယောက်အတွက် ရှေ့နေလိုက်ခွင့်၊ ခုခံချေပခွင့်လည်း မရခဲ့တဲ့အတွက် ဒီတရားစီရင်မှုဟာ မျှတမှုမရှိဘူးလို့ သူတို့ နှစ်ယောက်အတွက် ဥပဒေရေးရာ ကူညီပေးခဲ့တဲ့ ရှေ့နေတစ်ယောက်က ပြောပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်မှာ အကျဉ်းသား နှစ်သောင်း သုံးထောင်ကျော် လွှတ်ပေးပြီး သေဒဏ် ကျခံထားရသူတွေကို တစ်သက်တစ်ကျွန်း ပြောင်းလဲတဲ့အထဲမှာ ကိုဘိုဘိုသူနဲ့ ကိုအောင်အောင်ထက် တို့ နှစ်ယောက်ပါတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခုချိန်အထိ ထောင်ဝင်စာ ပို့ခွင့်သာရပြီး လူချင်းတွေ့ခွင့် မရကြသေးပါဘူး။

ကိုဘိုဘိုသူက လူသံတွေကြားလို့ ထွက်ကြည့်မိတဲ့အတွက် အခုလို သေဒဏ်အထိ ချမှတ်ခံခဲ့ရသလို အိမ်ထဲက အိမ်ပြင်တောင်မထွက်မိဘဲ လူသတ်မှုစာရင်းထဲ ပါသွားတဲ့အတွက် ထွက်ပြေးခဲ့ရတဲ့ သားအမိ နှစ်ယောက် ကတော့ ဒေါ်နီနီအောင်နဲ့ ကိုပြည့်ဖြိုးကျော် တို့ပါ။

အခင်းဖြစ်တဲ့ညက လူသံတွေဆူညံနေတာကိုသာ ကြားခဲ့ပြီး ဆရာကန်တော့ပွဲသွားကြဖို့ ချက်ပြုတ်ပြင်ဆင် နေတဲ့အတွက် အိမ်ထဲကနေ အိမ်အပြင် မထွက်ဖြစ်ခဲ့ကြဘူးလို့ ပြောပါတယ်။ မနက်မိုးလင်းလို့ ဆရာ ကန်တော့ပွဲက ပြန်လာတဲ့အခါမှာ စစ်ကောင်စီတပ်တွေ အိမ်ကိုဝင်ရှာနေကြလို့ ထွက်ပြေးခဲ့ကြရတာပါ။

စစ်ခုံရုံးကနေ သေဒဏ်အမိန့်ချတဲ့အထဲမှာ သူတို့သားအမိ နာမည်ပါလာတဲ့အတွက် အခုဆိုရင် နှလုံးခွဲစိတ်ဖို့ ဆေးခန်းတောင် မပြရဲဘူးလို့ မျက်ကွယ်သေဒဏ် ချခံထားတဲ့အထဲပါတဲ့‌ ဒေါ်နီနီအောင်က ပြောပါတယ်။

ကိုယ့်မှာအပြစ်မရှိလို့ အခုလို ရှောင်ပြေးမနေဘဲ ထွက်ပြီးရင်ဆိုင်ရင်လည်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်မှုကြောင့် မပြန်ရဲဘူးလို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ မြောက်ဥက္ကလာပမြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာကြောင့် သေဆုံးသူ ၂၀ နီးပါးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၅၀ ကျော်လောက်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

မတ် ၁၅ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ ရန်ကုန်တိုင်းက မြို့နယ် ၆ ခုမှာ တစ်ခုအပါဝင်လည်း ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအရ အာဏာဖီဆန်တဲ့အမှုတွေကို စစ်ခုံရုံးဖြင့်သာ ကြားနာရမယ်၊ စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်မယ်ဆိုရင် သေဒဏ်၊ တစ်သက်တစ်ကျွန်း၊ သုံးနှစ်အောက် မလျော့တဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်တွေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပြစ်မှုတွေကို အကျဉ်းနည်းနဲ့ စစ်ဆေးတဲ့အခါ သက်သေတွေကိုလည်း မလိုအပ်တဲ့သက်သေတွေပယ်တာ၊ လိုအပ်တဲ့သက်သေတွေကို ခေါ်တာ၊ ပြစ်မှုကျုးလွန်ကြောင်း အထောက်ထား ပေါ်လွင်ထင်ရှားရင် တရားလိုပြသက်သေတွေကို ဆက်မစစ်ဆေးဘဲ စွဲချက်တင်တာ၊ ကြားနာစစ်ဆေးပြီးတဲ့ သက်သေတွေကို ပြန်ခေါ်ပြီး ကြားနာစစ်ဆေးဖို့ ငြင်းပယ်တာ စတဲ့ လုပ်ပိုင်ခွင့်တွေကို ပေးထားတာဖြစ်ပါတယ်။

အဲဒီလို သေဒဏ်တွေကို ချမှတ်ခွင့်ရှိပေမယ့် မျက်ကွယ်သေဒဏ်ဆိုတာမျိုးကိုတော့ မြန်မာနိုင်ငံသမိုင်းမှာ မရှိခဲ့ဖူးဘူးလို့ ဝါရင့် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြီးမြင့် က ပြောပါတယ်။

တရားစီရင်ရေးအရ တရားခံလို့ စွပ်စွဲခံရသူတွေဟာ ပြန်ချေပခွင့် ရှိကြပါတယ်။ ခရိုင်ရုံးက သေဒဏ်အမိန့်ချရင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော်ကနေ အတည်ပြုရပါတယ်။ အဲဒီအမိန့်ကိုပဲ ပြည်ထောင်စု လွှတ်တော်ချုပ်က ထပ်အတည်ပြုပြီး နောက်ဆုံး နိုင်ငံတော် သမ္မတ က အတည်ပြုပေးရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အုပ်ချုပ်ရေးကာလမှာ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးပြီး မျက်ကွယ်သေဒဏ်ချခံရတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေ၊ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူတွေနဲ့ မိသားစုဝင်တွေဟာ အခုချိန်မှာ ပြန်လည် ချေပခွင့် မရကြတဲ့အပြင် အဖမ်းခံရရင် အသက်ရှင်ဖို့ မလွယ်ကူတော့တဲ့ အခြေအနေမျိုး ရောက်သွားကြမှာကို စိုးရိမ်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ခုံရုံးတရားစီရင်မှုတွေဟာ လူတွေရဲ့အကြောက်တရား တိုးလာအောင် လုပ်ရုံသက်သက်ဖြစ်ပြီး တရားမျှတမှန်ကန်မှု လုံးဝမရှိဘူးလို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org