ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်း ထပ်ဖြည့်

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တချို့ထံ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်း ပို့ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက စက်တင်ဘာလ ၂၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှာ ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တချို့ထံ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်း ပို့ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက စက်တင်ဘာလ ၂၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကစလို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ လဲချားနဲ့ ကျေးသီးမြို့တွေကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်၊ တန့်ယန်းနဲ့ နမ့်လန်မြို့တွေဘက်ကို စစ်အင်အားတွေ ပို့နေတာဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့အထိ အဲဒီစစ်ယာဉ်တန်းတွေ သွားလာတာရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကားအစီးရေ နှစ်ဆယ်ကျော် ရှိတယ်။ ကုန်ကားတွေလည်း ပါတယ်။ မိုးကာတွေ အုပ်ထားတာ။ အထဲမှာ လူတွေပါတာကိုလည်း တွေ့ရတယ်။ ကျေးသီး၊ လဲချားဘက်ကနေ မိုင်းရယ်၊ တန့်ယန်း ဘက်ကိုသွားနေတာ။ အင်အားထပ်ဖြည့်လာတဲ့သဘောလို့ ပြောလို့ရတယ်"

အဲဒီစစ်ကြောင်းတွေဟာ စစ်ကောင်စီရဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ခိုလမ်မြို့ကနေ ထွက်လာတာဖြစ်ပြီး အင်အား တစ်ထောင်နီးပါး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်အခြေစိုက် စစ်ရေးလေ့လာသူတစ်ဦးကတော့ ဒီစစ်ကြောင်းတွေဟာ နမ့်လန်၊ နောင်ချိုနဲ့ မိုင်းရယ်မြို့တွေကနေ ထိုးဖောက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"လားရှိုးကျပြီးတော့ စစ်ကောင်စီက မိုင်းရယ်နဲ့ တန့်ယန်းမှာ စုဖွဲ့မှု လုပ်တယ်။ အဓိက စစ်ဆင်ရေးအတွက် ခိုလမ်ကနေ ပြန်ကွပ်ကဲမဲ့သဘောမျိုးပေါ့။ အခုစစ်ကြောင်းတွေက မိုင်းရယ်၊ တန့်ယန်း၊ နမ့်လမ်း၊ နောင်ချို အဲနေရာတွေကနေ ပြန်ထိုးစစ်ဆင်ဖို့ စုဖွဲ့လာတဲ့ သဘောလို့ ပြောလို့ရတယ်"

၁၀၂၇ စစ်ဆင်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီအနေနဲ့ လားရှိုးအခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အပါအဝင် နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့တွေကို ဆုံးရှုံးခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်းနှစ်ဆယ်ကျော်ရှိတဲ့အထဲက မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်မြို့တွေပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတော့တာ ဖြစ်ပါတယ်။

အဲဒီဆုံးရှုံးရတဲ့ မြို့တွေကိုပြန်ရအောင် မြေပြင်နဲ့ ဝေဟင် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုစက်တင်ဘာလအတွင်း သွားရောက်တဲ့ တောင်ကြီးမြို့ ခရီးစဉ်မှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org