ဖမ်းဆီးခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်ပို့
2015.06.25

မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို မနေ့က ပြန်ပို့ပေးလိုက်ပြီဖြစ် ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က နှစ်နိုင်ငံနယ်စပ် နတ်မြစ်အတွင်း ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦးပါ လှေ တစ်စီးကို မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိနေတာတွေ့ရတဲ့အတွက် မြန်မာနယ်ခြားစောင့်တပ်က စစ်ဆေးမေးမြန်းခဲ့ရာက နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်တပ်ဖွဲ့ဝင်နှစ်ဦး လွတ်မြောက်သွားပြီး Abdur Razzak ဆိုတဲ့ တပ်ဖွဲ့ဝင်ကို မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးမှောင်ခိုသယ်လာတယ်လို့ မသင်္ကာတဲ့ စက်လှေတစ်စင်းနောက်ကိုလိုက်ရင်း မြန်မာဘက်ရောက် သွားတာဖြစ်တယ်လို့ ဘင်္ဂလားဒေရှ့်ဘက်ကပြောဆိုပြီး၊ မြန်မာဘက်ကတော့ အဲဒီလှေဟာ အလံလည်း မတင်၊ ကြိုတင်အသိပေး အကြောင်းကြားတာလည်းမရှိဘဲ ဝင်ရောက်ခဲ့တာလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံသံအမတ်တွေ အပြန်အလှန်ဆင့်ခေါ် ရှင်းလင်းခဲ့ကြရပါတယ်။
မနေ့ကတော့ မောင်တောမြို့မှာကျင်းပခဲ့တဲ့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် Abdur Razzak ကို သိမ်းဆည်းမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ အတူ ပြန်လည်အပ်နှံခဲ့ကြောင်း သိရပါတယ်။