ရန်ကုန်မှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
2022.07.28

Photo: Citizen Journalist
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတွေ ပိုမို တင်းကျပ်လာပြီး စစ်တပ်နဲ့ ရဲတွေဟာ စစ်ကားတွေနဲ့ နေ့ရောညပါ အချိန်ပြည့်နီးပါး ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ် လို့ မြို့ခံတွေက ပြောပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီ က ကြိုးပေးကွပ်မျက်မှုအပေါ် ပြည်သူ တွေကြားမှာ ပြစ်တင်ပြောဆိုမှုတွေ မြင့်တက်လာပြီး နောက် စစ်ကောင်စီက လုံခြုံရေးကို ပိုမိုတင်းကျပ်လာတာလို့ အမည်မဖော်လိုတဲ့ အလုံမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရန်ကုန်က အခုရက်ပိုင်းမှာ မြင်ရတာက တကယ့် စစ်မြေပြင်လိုပဲ။ ကျနော်နေတဲ့ အလုံ ဘက်မှာဆိုရင် စစ်စိမ်းရောင် Double Cab ကားပေါ်က စစ်ဝတ်စုံအပြည့်နဲ့ စစ်သား လေးယောက်က သေနတ်တွေက Ready Position နဲ့ ကိုင်ပြီး ထိုင်ပြီး လိုက်လာတာမျိုးတွေ တွေ့တယ်။ တစ်ယောက်က ကားအမိုးပေါ်မှာ သေနတ်ကို ခွဒေါက်နဲ့တင်ပြီး ကားရှေ့ဘက်ကို ပစ်တော့မယ့်ပုံစံမျိုးနဲ့ ချိန်ရွယ်ပြီး သွားလာနေတာကိုတွေ့တယ်။ အဲဒါတွေ မြင်ရတော့ စိတ်ထဲမှာ မလုံခြုံဘူးလို့ ခံစားရတယ်"
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို အင်းစိန်ထောင်ထဲမှာ စစ်ကောင်စီက တိတ်တဆိတ် ကြိုးပေး ကွပ်မျက် လိုက်ပြီးနောက် ရန်ကုန်မြို့က မြေအောက်တော်လှန်ရေး အင်အားစုတွေနဲ့ သပိတ် အင်အားစုတွေကလည်း စစ်ကောင်စီကို ရတဲ့နည်းနဲ့ ပြန်တော်လှန်မယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာလည်း ရန်ကုန်မြို့မှာ ဗုံးဖောက်ခွဲမှုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု တွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ ဆူးလေဘုရားအနီးတစ်ဝိုက်နဲ့ လှည်းတန်းဘက်မှာ ဇူလိုင်လ ၂၄ ရက်နေ့က လမ်းပေါ်က လူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေမှာ ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အနီရောင်နဲ့ အနက်ရောင် ပရိုဖိုင်းတွေတင်ထားတာ ရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
လှိုင်သာယာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဗိုလ်တထောင်မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်တိုး ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ယခင်က ည ၁၀ နာရီထိုးချိန်အထိ လမ်းသွားလမ်းလာတွေနဲ့ စည်ကားခဲ့ပေမယ့် ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ လေးဦး ကွပ်မျက်ခံရတဲ့နောက်ပိုင်းမှာ ညပိုင်းသံပုံးတီး ကန့်ကွက်မှုရှိနေသလို ည ၈ နာရီနောက်ပိုင်းမှာဆိုရင်လည်း အသွားအလာနည်းသွားတာ တွေ့ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။