TNLA နဲ့ ဆက်သွယ်လို့ မိုးကုတ်က ကျောင်းအုပ်တစ်ဦး ဖမ်းဆီးခံထားရ
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ဆက်သွယ်လို့ဆိုပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ် မန်းနားကျေးရွာက မူလတန်းကျောင်းအုပ် ဆရာမဒေါ်သန်းသန်းမျိုးကို တပ်မတော်က တရားစွဲဆိုထားတာ မှန်ကန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
-
အောင်သိင်္ခ
2021-01-25 -
-
-
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ဆက်သွယ်လို့ဆိုပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ် မန်းနားကျေးရွာက မူလတန်းကျောင်းအုပ် ဆရာမဒေါ်သန်းသန်းမျိုးကို တပ်မတော်က တရားစွဲဆိုထားတာ မှန်ကန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
TNLA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သက်သေတွေ ရရှိထားတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို မိသားစုနဲ့တွေ့ဆုံခွင့်မပေးဘဲ မိုးကုတ်မြို့မရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတာ တစ်လနီးပါးရှိပြီလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က လွေးချှီးဆငါးက ပြောပါတယ်။
မိုးကုတ်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ (၁၇) (၁) နဲ့ တရားစွဲဆိုထားတာ မှန်ကန်ကြောင်းနဲ့ ကပ်ဘေးကာလ ဖြစ်တာကြောင့် မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် မပေးတာလို့ RFA ကို ပြောပါတယ်။
RFA က မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဆရာမဒေါ်သန်းသန်းမျိုးကို တပ်မတော်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆို ထားတာဖြစ်ပြီး ကျောင်းဆရာလွတ်မြောက်ရေးအတွက် တအာင်းလူမှုအဖွဲ့အစည်းတွေနဲ့ အခြားအရပ်ဖက် အဖွဲ့အစည်း ပူးပေါင်းပြီး တောင်းဆိုသွားမှာဖြစ်တယ်လို့ လွေးချှီးဆငါးက ဆက်ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ နေထိုင်တဲ့သူတွေဟာ လက်နက်ကိုင်တွေ အကုန်လုံးနဲ့ဆက်ဆံနေရပြီး TNLA ကို ဆက်သွယ်ဆိုတာဟာလည်း မိမိလုံခြုံရေးအတွက် ပြောဆိုဆက်ဆံရတာတွေ ရှိတယ်လို့ သူက ထောက်ပြပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဆရာမဒေါ်သန်းသန်းမျိုးဟာ ကျောင်းဆရာမအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ မန်းနား မဲရုံးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။
မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) အရ ပြစ်မှုထင်ရှားရင် နှစ်နှစ်ထက်မနည်း သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။