သတင်းထောက်တစ်ဦးကို လူမှောင်ခိုမှုနဲ့ ဖမ်းဆီးထား
2017.12.29
အစိုးရပိုင် ကြေးမုံသတင်းစာက သတင်းထောက် မှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ထားသူတစ်ဦးကို ရခိုင်ပြည်နယ်က မွတ်စလင်တွေ ပြည်မြို့ဘက်ခိုးသွင်းရန် ကြိုးစားမှုအတွက် မနေ့က ဖမ်းဆီးလိုက်ပါတယ်။
ကျောက်ဖြူမြို့မှာ နေထိုင်တဲ့ အဲဒီ သတင်းထောက် စောမိုးကျော် ဆိုသူဟာ ကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်စလင် ၆ ဦးကို တိုယိုတာ မတ်တူးဆီဒင်ကားနဲ့ ပြည်မြို့ဘက်ခေါ်ယူလာခဲ့ကြောင်းနဲ့ ပန်းတောင်း မြို့နယ် ညောင်ကျိုး စစ်ဆေးရေးဂိတ်အရောက် မနေ့နေ့လည်က တားဆီးခဲ့ရာမှာ ကားမောင်း ထွက်ပြေးသွားတဲ့ အတွက် လုံခြုံရေးအဖွဲ့တွေက လိုက်လံဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။
ကြေးမုံသတင်းစာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ ဒီအမှုနဲ့ ပတ်သက်လို့ တစုံတရာပြောကြားခြင်းမရှိဘဲ ဦးစောမိုးကျော်ကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လကစပြီး သတင်းထောက်အဖြစ်က ရပ်ဆိုင်းခဲ့ကြောင်း မနေ့ညနေပိုင်းက ဖေါ်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက အမည်မဖေါ်လိုတဲ့ အရာရှိတစ်ဦးကတော့ အခုလို ဖမ်းဆီးမှုသတင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ထံ မနေ့ကပဲ တင်ပြခဲ့ကြတယ်လို့ RFA ကို ပြောပါတယ်။