ဆောမြို့နယ် တောမရွာ ဗုံးကြဲခံရမှု သေဆုံးသူ ရှစ်ဦးအထိရှိလာ

ဆောမြို့နယ် တောမရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး မေလ ၁၅ ရက်နေ့မှာ ထပ်မံသေဆုံးတာကြောင့် စုစုပေါင်းသေဆုံးသူ ရှစ်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆောမြို့နယ် တောမရွာကို ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဉ်။ ယောအလင်းတန်း

မကွေးတိုင်း ဆောမြို့နယ် တောမရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး မေလ ၁၅ ရက်နေ့မှာ ထပ်မံသေဆုံးတာကြောင့် စုစုပေါင်းသေဆုံးသူ ရှစ်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၄ ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ လသားအရွယ်ကနေ ၇၈ နှစ်အကြားအရွယ်ရှိကြတဲ့ ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ကိုးဦးအထိ ရှိခဲ့တာပါ။

မနေ့ကတော့ အသက် ၇၂ နှစ်အရွယ် ဒေါ်မာအေးဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ ထပ်မံသေဆုံးခဲ့တာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့အမျိုးသမီး ဦးခေါင်းထိတာလေ။ ညကပဲ ဆုံးသွားတယ်။ လက်လည်း ထိတယ်။ ခြေလည်း ကျိုးတယ်။ ခေါင်းထိတဲ့ ဒဏ်ရာကတော့ ပိုများတယ်ဗျ”

လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ လုပ်ဆောင်နေပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မေလ ၉ ရက်နေ့ကလည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် ၁၆ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org