ရန်ကုန်မြို့ ဓါတ်ပုံစာအုပ် ထုတ်ဝေရေး ဆမ်ဆောင်း ကူညီ
2018.05.30

အီတလီနိုင်ငံအခြေစိုက် Link for Aid ဆိုတဲ့ ပရဟိတအဖွဲ့က ဓါတ်ပုံဆရာမ ဖရန်ချက်စကာ မိုစကယ်နီ (Francesca Moscheni) ဟာ ဆမ်ဆောင်းအပါအဝင် နောက်ထပ် စီးပွားရေးလုပ်ငန်းစု ၄ ခုနဲ့အတူ “တိတ်ဆိတ်နေတဲ့ ရန်ကုန်” ဆိုတဲ့ ဓါတ်ပုံစာအုပ်တအုပ်ကို မြန်မာနိုင်ငံမှာ ထုတ်ဝေမယ်လို့ သိရပါတယ်။ Link for Aid ဟာ "The Sound of Images" လို့ခေါ်တဲ့ ‘နမိတ်ပုံများရဲ့အသံ’ ဆိုတဲ့ လုပ်ငန်းစဉ်ကို မြန်မာ နိုင်ငံအဝှမ်းက နားမကြားတဲ့ကလေးတွေဖန်တီးတဲ့ ပုံရိပ်တွေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဟာ ပရောဂျက်အတွက် ရန်ကုန်မြို့ မေရီချတ်ပမင်း နားမကြားကျောင်းက ကလေး ၈ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။
ဆမ်ဆောင်းကုမ္ပဏီက ကလေးငယ်တွေအတွက် စမတ်ဖုန်းတွေ ထောက်ပံ့ပေးခဲ့သလို ဘယ်လိုအသုံးပြုရမယ် ဆိုတာကိုလည်း သင်ပြပေးခဲ့ပါတယ်။ ကလေးတွေဟာ အစားအသောက်တွေကို ဓါတ်ပုံရိုက်နည်း၊ အလင်းရောင်နည်းနည်းထဲမှာ ဓါတ်ပုံရိုက်နည်း၊ ခပ်နှေးနှေးရွေ့လျားနေတာတွေကို ဓါတ်ပုံရိုက်နည်း၊ မြင်ကွင်းကျယ်ဓါတ်ပုံ ရိုက်နည်း၊ ရွေ့လျားနေတာကို ဓါတ်ပုံရိုက်နည်းတွေအပါအဝင် ဖုန်းထဲက ကင်မရာကို ဘယ်လိုအသုံးပြုရမလဲဆိုတာတွေကို လေ့လာနိုင်ခဲ့ပါတယ်။ ကလေးတွေဟာ အောက်တိုဘာလထဲမှာ စမတ်ဖုန်းတွေနဲ့အတူ ရွှေတိဂုံ ဘုရားကို စသွားပြီးဓါတ်ပုံရိုက်ခဲ့ကြပါတယ်။
တိတ်ဆိတ်နေတဲ့ရန်ကုန် စာအုပ်ထဲမှာ ကလေးတွေရိုက်တဲ့ဓါတ်ပုံတွေနဲ့အတူ ဓါတ်ပုံတွေအတွက်မှတ်စုရှင်း တမ်းလေးတွေ ပါဝင်ပါတယ်။ အဲဒီစာအုပ်ကို ၂၀၁၈ နှစ်ကုန်မှာ ကမ္ဘာတဝှမ်းကိုဖြန့်ချီမှာဖြစ်ပါတယ်။ ရရှိတဲ့ အမြတ်ငွေကို မေရီချတ်ပမင်းနားမကြားသောကလေးများကျောင်း၊ ဒလမြို့နယ်က ပါရမီမိဘမဲ့ကျောင်းနဲ့ ရွှေပြည်သာမြို့နယ်က နဝရတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ကို လှူဒါန်းမှာဖြစ်ပါတယ်။ ကလေးတွေ ဓါတ်ပုံစရိုက်တာကနေ စာအုပ်ထုတ်ပြီးသည်အထိ လုပ်ငန်းစဉ်အစအဆုံးကို အီတလီ ရုပ်ရှင်ထုတ်လုပ်သူ ‘ ‘မာကို အာမန်ဒို ပစ်ချီနီနီ’ က မှတ်တမ်းရုပ်ရှင်ရိုက်ကူးပေးမှာဖြစ်ပါတယ်။
အကြားအာရုံမရှိပေမဲ့ ပုံရိပ်တွေနဲ့ ဆက်သွယ်လို့ရတယ်ဆိုတာ လူတွေကိုနားလည်စေချင်ပါတယ်လို့ အဖွဲ့တည်ထောင်သူ ‘ပါမလာ မက်ကော့တ် ဖရန်စစ်စ်ကွန်း’ ကပြောပါတယ်။ ဆမ်ဆောင်းဟာ ကလေးတွေကို သူတို့ရဲ့ ကင်မရာတွေနဲ့ အကူအညီပေးပြီး ကမ္ဘာကြီးကို ပုံရိပ်ဖမ်းစေပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ငုပ်လျိုးနေတဲ့ ပါရမီနဲ့စွမ်းရည်တွေကို ဓါတ်ပုံပညာကနေတဆင့် ဆွဲထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ သူကပြောပါ တယ်။