ပင်လည်ဘူးမြို့မှာ ညပိုင်းအထိ ဆက်တိုက်ပစ်ခတ်ပြီး သုံးဦးသေဆုံး

2021.04.05

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ ဒီကနေ့ည ၁၀ နာရီကျော်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်တိုက်ပစ်ခတ်နေတာကြောင့် သေဆုံးသူ အရပ်သား ၃ ဦးအထိရှိလာပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီကနေ့ ညနေ ၅ နာရီလောက်ကစပြီး စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ဟာ ရပ်ကွက်လမ်းတွေထဲထိ ဝင်ရောက်ပစ်ခတ်နေတာကြောင့် ရပ်ကွက်နေလူငယ်တွေကလည်း လမ်းထိပ်တွေမှာ အတားအဆီး အကာအရံတွေချပြီး ပြန်လည်ခုခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ည ၁၀ နာရီလောက်က RFA ကဆက်သွယ်မေးမြန်းရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနား မီးလောင်ကျွမ်းနေပြီး နှစ်ဘက် အခြေအနေတွေ တင်းမာနေဆဲလို့ သပိတ်ခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

ပင်လည်ဘူးမြို့က ဆန္ဒပြတဲ့ပြည်သူတွေကို ဒီညအပြတ်ဖြိုခွင်းဖို့ ကောလင်းမြို့ဘက်က စစ်ကောင်စီရဲ့ စစ်ကူတပ်သားတွေ ပင်လည်ဘူးမြို့ကို လာပူးပေါင်းနေကြတယ်လို့လည်း အဲ့ဒီသပိတ်ခေါင်းဆောင်က ပြောပါတယ်။

ပင်လည်ဘူးမြို့မှာ ဒီကနေ့ နံနက်ပိုင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူရာနဲ့ချီ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ပါတယ်။

နံနက်ပိုင်းဆန္ဒပြပွဲကိုလည်း စစ်ကောင်စီတပ်တွေက ဖြိုခွဲခဲ့လို့ တစ်ဦးသေဆုံးခဲ့ရပြီး ရိုက်နှက်ဖမ်းဆီးခံရတဲ့သူ ၁၀ ဦးထက်မနည်းရှိသလို ဒဏ်ရာရထားသူတွေလည်းရှိနေပါတယ်။

ပင်လည်ဘူးမြို့မှာ အင်တာနက်လိုင်း လုံးဝဖြတ်တောက်ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။