ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံပွဲ
2019.02.24

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို စစ်ကိုင်းမြို့မှာ ဒေသခံ ၅၀၀ လောက်က ဒီနေ့ ထောက်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထောက်ခံဆန္ဒပြသူတွေဟာ စစ်ကိုင်းမြို့မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ မြို့မ ဘောလုံးကွင်းအထိ လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
ထောက်ခံပွဲမှာ ပါဝင်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ လိုလားသူတွေ ရှိသလို ဘယ်လိုပြဌာန်းချက်တွေကို ပြင်ဆင်လိုတယ်ဆိုတာ မသိဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်လို့ ထောက်ခံကြတာလို့လည်း ပြောသူတွေ ရှိပါတယ်။
အလားတူ ထောက်ခံဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး စတဲ့ မြို့တွေမှာ ကျင်းပပြုလုပ်တာတွေ ရှိခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရေးအတွက် ပါတီပေါင်းစုံက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ အချိုးကျပါဝင်တဲ့ ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။