ညီနောင်မဟာမိတ်အဖွဲ့တွေ စစ်ကောင်စီစခန်း ရှစ်ဆယ်ကျော် သိမ်းနိုင်ခဲ့
2023.10.31

အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းက TNLA တပ်မဟာ ၄ စစ်ဒေသ ၄ နယ်မြေ လားရှိုးနဲ့ သိန္နီမြို့နယ်ကြားက စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကို သိမ်းနိုင်ခဲ့တယ် ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီကနေ့ ၃၁ ရက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း က RFA ကို ပြောပါတယ်။
"ညီနောင်မဟာမိတ်သုံးဖွဲ့က စုစုပေါင်းစခန်း ၈၀ ကျော်လောက်သိမ်းပြီးဗျ၊ အဓိက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားတာက ချင်းရွှေဟော်ပါပဲ၊ သိန္နီကတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေဆဲပါ၊ မုန်းကိုး ဖောင်းဆိုင်ဘက်က စစ်ကောင်စီကိုတော့ အကုန်လုံး တိုက်ထုတ်လိုက်ပြီ၊ ဒီနေ့ နယ်မြေရှင်းရေးလုပ်နေတယ် မုန်းကိုး ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီကတော့ လုံးဝမရှိတော့ဘူး"
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ ၂၅ မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ဂန်ဒေါင်ယန်စခန်းကိုလည်း KIA နဲ့ AA တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၃၁ ရက်နေ့ မနက်မှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့တွေက ပြောပါတယ်။
အဲဒီလိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် နေ့လယ်ပိုင်းမှာ လိုင်ဇာမြို့အနီးက အာလော့န်ဘွမ်တောင်ကုန်းဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။
ညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။
ညီနောင်မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီစခန်း ရှစ်ဆယ်ကျော်ကို သိမ်းနိုင်ခဲ့ကြောင်းပြောဆိုချက်နဲ့ KIA ဌာနချုပ်အနီးကို လေကြောင်းတိုက်ခိုက်ကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။