ကိုပါကြီး သတ်ဖြတ်ခံရမှု တာဝန်ယူဖော်ထုတ်ရေး မြန်မာ အစိုးရကို RSF တိုက်တွန်း
2014.10.30

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ကိစ္စအတွက် မြန်မာအစိုးရ အလုံးစုံတာဝန်ယူဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြင် သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က ပြောလိုက်ပါတယ်။
အခုလို သတင်းထောက်တွေ သတ်ဖြတ်ခံရတာဟာ ၂၀၁၁ ခုနှစ် မတိုင်ခင်ပေါ်ပေါက်ခဲ့တဲ့ မြန်မာစစ်အစိုးရ ရဲ့ လုပ်ရပ်တွေကို ပြန်အမှတ်ရသွားစေခဲ့သလို၊ ကိုပါကြီးအတွက်လဲ အထူးစိတ်မကောင်း ဝမ်းနည်း ရကြောင်း ကိုပါကြီးရဲ့ ကျန်ရစ်သူမိသားစုနဲ့ စာနယ်ဇင်း လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေကို RSF အဖွဲ့ က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ မြန်မာအစိုးရရဲ့ နောက်ကြောင်းပြန်တဲ့ လုပ်ရပ်တစ်ခုဖြစ်နေတယ်လို့လည်း RSF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံ Benjamin Ismail က ပြောပါတယ်။
ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုတွေ အဆုံးသတ်အောင်ကြိုးစားဖို့ မြန်မာအစိုးရကို ထပ်မံသတိပေးတယ်လို့လည်း RSF အဖွဲ့ရဲ့ အစီအစဉ်ရေးရာ ညွှန်ကြားရေးမှူး Lucie Morillon ကပြောပါတယ်။ ဒါ့အပြင် မြန်မာ သတင်းထောက်တွေရော နိုင်ငံခြားသတင်းထောက်တွေအပေါ်မှာပါ စစ်တပ်ကကျူးလွန်ခဲ့တာနဲ့ ပတ်သက် လို့ ဖော်ထုတ်အရေးယူဖို့ လိုအပ်ကြောင်း ပြီးခဲ့တဲ့နှစ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် တို့ကို ပြောခဲ့တယ်လို့ Lucie Morillon ကပြောပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့လို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ယူစိတ်ရှိလာအောင် စိတ်ဓါတ်အပြောင်းအလဲ ဖြစ်လာတဲ့အထိ ဆောင်ရွက်ရေးဟာလည်း အဓိကလုပ်ငန်းစဉ် တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံမှုအဆင့်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၄၅ မှာရှိနေတယ်လို့ ၂၀၁၄ ခုနှစ်အတွက် RSF အဖွဲ့ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း ကျိုက်မရောနယ်ဘက်မှာ စစ်တပ်က ဖမ်းဆီးအသတ်ခံလိုက်ရတဲ့ ကိုပါကြီးဟာ KKO ကရင်လက်နက်ကိုင်တပ်က ဗိုလ်ကြီးအောင်နိုင်ဖြစ်ပြီး၊ သူဟာ သတင်းထောက်တယောက် ဖြစ်ခဲ့သလားဆိုတာ စိစစ်ရဦးမယ်လို့ အစိုးရဘက်က ပြောထားပါတယ်။
ဒါပေမယ့် ကိုပါကြီးဟာ အလွတ်သတင်းထောက်တစ်ဦးအဖြစ် နယ်စပ်မှာလုပ်ကိုင်နေထိုင်ခဲ့တယ်လို့ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ အဲဒီလူတွေထဲက ကိုပါကြီးကို Yangon Times သတင်းစာမှာ အောင်ကြီး ဆိုတဲ့ ကလောင်အမည်နဲ့ သတင်းတွေဖော်ပြခွင့်ရအောင် ကြားကနေကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် DVB သတင်းထောက် ကိုဉာဏ်စိုးနဲ့ Yangon Times သတင်းစာအယ်ဒီတာ ဦးလှိုင်ဘွားကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
အခုလို စစ်တပ်ကဖမ်းဆီးထားချိန် သတ်ဖြတ်ခံလိုက်ရတဲ့ ကိုပါကြီးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ကိစ္စအတွက် မြန်မာအစိုးရ အလုံးစုံတာဝန်ယူဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က ပြောလိုက်ပါတယ်။