ဆန်ဈေးတည်ငြိမ်အောင် အရန်ဆန်အိတ်ငါးသောင်း ရောင်းမယ်လို့ ဆန်စပါးအသင်းချုပ်ပြော

RFA Burmese
2023.07.31
ဆန်ဈေးတည်ငြိမ်အောင် အရန်ဆန်အိတ်ငါးသောင်း ရောင်းမယ်လို့ ဆန်စပါးအသင်းချုပ်ပြော ရန်ကုန်မြို့မှ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ပြည်တွင်းဆန်ဈေးနှုန်း သုံးဆကျော်အထိ မြင့်တက်ခဲ့ တာကြောင့် ဈေးနှုန်း တည်ငြိမ်မှုရှိအောင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အရန်ဆန် ၅၀ ကီလို (အိတ်ငါးသောင်း) ကို ရောင်းချပေးသွားမယ်လို့ ဇူလိုင်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အရန်ဆန်ကို ဘယ်နေ့မှာ ဘယ်လိုပုံစံနဲ့ ရောင်းချပေးသွားမယ်ဆိုတာကိုတော့ စီစဉ်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က RFA ကို ပြောပါတယ်။

"ဘယ်လိုရောင်းချပေးမလဲဆိုတော့ လောလောဆယ်တော့ မသိရသေးဘူး။ ရောင်းမယ် လို့ပဲ သိရသေးတာ။ စပြီး ဘယ်ဈေးနဲ့ရောင်းမယ်၊ ဘယ်လိုရောင်းမယ်ဆိုတာ မသိရ သေးဘူး"

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်တွင်းမှာ ဆန်ဖူလုံမှု အလုံအလောက်ရှိနေပြီး လျှပ်စစ်ပိုရလာတာကြောင့် ဆန်စက်တွေပိုလည်ပတ်နိုင်တာ၊ မြန်မာနိုင်ငံဒေသတချို့မှာ ဆန်စပါးပေါ်ချိန် ဖြစ်နေတာတွေကြောင့် ဆန်စပါးဈေး တည်ငြိမ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းဆန်စျေးနှုန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်ကို ၃၁,၀၀၀ ကျပ်သာရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ တော့ ၁၀၅,၀၀၀ ကျပ်အထိ သုံးဆကျော် မြင့်တက်လာခဲ့တာပါ။

အခြေခံလူတန်းစားတွေ စားသုံးလေ့ရှိတဲ့ ငစိန်ဆန်၊ ဇီယာအုပ်စုဝင် ဆန်ကြမ်းဈေးနှုန်း ဟာလည်း အရင်က ၂၁,၀၀၀ ကျပ်ဝန်းကျင်ကနေ အခု ကျပ်ခြောက်သောင်းကျော်အထိ မြင့်တက်နေပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကတော့ ဆန်ကို ဖုန်းဆက်မှာယူရာမှာ ဆန်ရောင်းချဖို့ မရှိသလို ဆန်ဈေးနှုန်း ပြောင်းလဲနိုင်ကြောင်း ဆန်အရောင်းဆိုင်တစ်ခုက ဖြေဆိုခဲ့တယ်လို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန်‌ဈေးနှုန်းတွေအပြင် စားအုန်းဆီ၊ မြေပဲဆီဈေးနှုန်းတွေလည်း မြင့်တက်နေခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုးလည်း နှစ်ဆခွဲအထိ ကျဆင်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။