တိုင်းဝန်ကြီးကို ပါတီဝင်အဖြစ် ထုတ်ပယ်ဖို့ ပါတီဗဟိုထံ တင်ပြ
2018.02.28
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့ အတွက် ကဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဌာနချုပ်ထံ တင်ပြထားပါတယ်။
ဝန်ကြီး ဦးညွန့်ရွှေဟာ ပါတီနဲ့ ကင်းကွာနေတဲ့အတွက် ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့က ပါတီဌာနချုပ်ကို တင်ပြထားတာဖြစ်တယ်လို့ ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင် က ပြောပါတယ်။
"လောလောဆယ်တို့ သူတို့ ပါတီကနေ ထုတ်ဖို့ လုပ်ထားတယ်ဗျ။ ဒါပေမဲ့ အတည်ပြု ချက်တော့ မဖြစ်သေးပါဘူး။ ဗဟိုကို တင်ထားတာရှိသေးတယ်။ ဗဟိုက ပြန်ဆိုင်းငံ့ထားတဲ့သဘောဗျ။ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ကတော့ သူတို့ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နဲ့ ကင်းကွာတယ်လို့ ပြောတယ်ပေါ့"
ဝန်ကြီး ဦးညွန့်ရွှေကို ပါတီကနေ ထုတ်ပယ်ဖို့အတွက် ကဝမြို့နယ် အလုပ်အမှုဆောင်အဖွဲ့က ပါတီဗဟိုကို တင်ပြထားတာ ၂ လဝန်းကျင် ကြာမြင့်နေပြီဖြစ်တယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဝန်ကြီး ဦးညွန့်ရွှေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ပဲခူးတိုင်းဒေသကြီးမှာ ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်အချို့ကို နုတ်ထွက်ပေးဖို့အတွက် ဆန္ဒပြမှုတွေ လည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပဲခူးတိုင်း ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့အတွက် ပဲခူးမြို့မှာ လူ ၁၀၀ ကျော်က ဆန္ဒပြခဲ့ပြီး အဲဒီအထဲမှာ NLD ပါတီဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။