ခရီးစဉ်ကန့်သတ်ခံရလို့ NCA လေးနှစ်ပြည့်ပွဲကို RCSS တက်မည်မဟုတ်
2019.10.26

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ဗဟိုဌာနချုပ်ရှိတဲ့ လွိုင်တိုင်းလျဲန်းကနေ တောင်ကြီး၊ အဲဒီကနေမှ နေပြည်တော်ကို ကားနဲ့လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ အရင်လို တာချီလိတ်ကနေ နေပြည်တော်ကို လေယာဉ်နဲ့ တိုက်ရိုက်လာဖို့ အကြောင်းကြားတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလို့ RCSS ဒုဗိုလ်မှူးကြီး စိုင်းဦးက RFA ကို ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အတူ လိုက်ပါမယ့် RCSS/SSA ခေါင်းဆောင်ပိုင်းနဲ့ အရာရှိ အများအပြားလည်း နေပြည်တော် NCA လေးနှစ်ပြည့် အစီအစဉ်ကို တက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။
သူတို့အနေနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်တာကြောင့် ဘယ်လမ်းကြောင်းကနေဖြစ်ဖြစ် သွားလာခွင့်ရသင့်ကြောင်း၊ ဒီဖြစ်ရပ်ကြောင့် နှစ်ဘက်ဆက်ဆံရေးမှာ အဟန့်အတား ဖြစ်လာနိုင်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
"ဒီအစည်းအဝေးက NCA လေးနှစ်ပြည့်ဖြစ်လို့ EAO ဘက်ကရော NRPC ဘက်ကရော ငြိမ်းချမ်းရေးရှေ့ဆက်သွားဖို့ ဆွေးနွေးကြဖို့၊ ငြိမ်းချမ်းရေးကို ဘယ်လိုရှေ့ဆက်သွားမလဲ ညှိနှိုင်းဖို့ ရှိတယ်။ အဲဒီလို ခရီးစဉ်ဖျက်သိမ်းလိုက်တော့ ငြိမ်းချမ်းရေးနဲ့ ကျနော်တို့ ယုံကြည်မှုတွေကို အနည်းအများ ထိခိုက်စေနိုင်ပါတယ်။ အရင်က ငြိမ်းချမ်းအတွက် သွားမယ့်လမ်းက အထေ့ငေါ့လေးတွေ ရှိနေတာ။ အခုက ပိတ်ဆို့မှုအထိပါ ဖြစ်သွားနိုင်တဲ့သဘောရှိတယ်"
RCSS ခေါင်းဆောင်ကို အမျိုးသားသင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ဖိတ်ကြားတာဖြစ်ပြီး သူတို့လာဖို့အတွက် လေယာဉ်စီစဉ်ပေးထားတယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။
လေယာဉ်နဲ့လာစေချင်တာဟာ လုံခြုံရေးကြောင့်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အောက်တိုဘာ ၂၆ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စေ့စပ်ညှိနှိုင်းတာတွေရှိပေမယ့် လက်ခံတာ မခံတာကတော့ သူတို့အပိုင်းပေါ့
"သူ့ရဲ့ဖြတ်သန်းသွားမယ့်နေရာတွေမှာ ပြဿနာတချို့ ရှိပါတယ်။ ကုန်းလမ်းခရီးက လုံခြုံရေးအရ တော်တော်လေး စိတ်မချရတဲ့အနေထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က တာချီလိတ်ကနေ လေယာဉ်နဲ့လာဖို့ အားလုံးစီစဉ်ပြီးသားဖြစ်တယ်။ နောက်ပိုင်းမှာလည်း စေ့စပ်ညှိနှိုင်းတာတွေရှိပေမယ့် လက်ခံတာ မခံတာကတော့ သူတို့အပိုင်းပေါ့"
အောက်တိုဘာ ၂၈ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လေးနှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပမှာဖြစ်တဲ့အတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ခေါင်းဆောင်ေ အများအပြားဟာ ဒီနေ့ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။
နေပြည်တော်မှာပဲ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ကျင်းပကြမှာဖြစ်ပါတယ်။
အခုလို ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်မလာတဲ့အတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်း၊ တစ်ဘက်နဲ့တစ်ဘက် အမြင်သဘောထားမတူတာတွေကြောင့် အခုလိုဖြစ်တာလို့ အပစ်ရပ်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"အထေ့ငေါ့တွေကတော့ ငြိမ်းချမ်းရေးမှာရှိတယ်ဆိုတာတော့ လေ့လာဖူးတာရှိတယ်။ ဒီထက်ကြီးမားတဲ့ အထေ့ငေါ့တွေ ကျမမဖြစ်စေချင်ဘူး။ ပြည်သူတွေအတွက် အလုပ်လုပ်နေသလို ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလုပ်လုပ်နေတာမို့လို့ ကျမတို့သည် စိတ်ရှည်ဖို့လိုတယ်။ သည်းခံဖို့လိုတယ်။ အကျေလည်ညှိဖို့လည်းလိုတယ်"
ဒါဟာ နှစ်ဘက် အထင်လွဲတဲ့ဖြစ်ရပ် ဖြစ်လိမ့်မယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ယူဆပါတယ်။
"အဲဒီလိုကိစ္စတွေဖြစ်လာတဲ့အခါမှာ အစည်းအဝေးရဲ့ အရေးပါမှုကို ပိုပြီးတော့ အရေးထားသင့်တယ်ထင်တယ်။ လုံခြုံရေးကတော့ နှစ်ဘက်စလုံး ဂရုစိုက်ကြရတာချည်းပါပဲ။ ဒါပေမဲ့ နှစ်ဘက်အဆင်ပြေမယ့်လမ်းကြောင်းကို မညှိနှိုင်းနိုင်တဲ့အတွက် အရေးကြီးတဲ့အစည်းအဝေး မတက်နိုင်တဲ့အတွက် စိတ်မကောင်းစရာတစ်ခုပါပဲ။ ဒီကိစ္စနဲ့တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လိ့မ်မယ်လို့တော့ ကျနော် မယူဆဘူးခင်ဗျ"
ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST မှာလည်း ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
မနက်ဖြန်မှာ PPST အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချူပ်ကြီး ယွက်စစ် မတက်ရောက်နိုင်ပေမယ့် တခြားခေါင်းဆောင်တွေတော့ လာရောက်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက - ဒီခရီးစဉ်အတွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အခြား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံညှိနှိုင်းသွားမှာ ဖြစ်တဲ့အကြောင်း၊ ဒီခရီးစဉ်ဟာ ယုံကြည်မှု တည်ဆောက်တာကို ပိုပြီးခိုင်မာစေဖို့သာမက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ရေရှည် တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်ပံ့ဖြစ်စေမယ်လို့ ယူဆတဲ့အကြောင်း အောက်တိုဘာ ၂၄ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ ဗိုလ်ချူပ်ကြီး ယွက်စစ်ဟာ ၂၁ ပင်လုံကို ပြန်စနိုင်ဖို့ တိုက်တွန်းထားတာတွေ၊ PPST ခေါင်းဆောင်တွေကို တက်တက်ကြွကြွ ဝိုင်းဝန်းဆောင်ရွက်ဖို့ ပြောဆိုထားတာတွေရှိတဲ့အတွက် ငြိမ်းချမ်းရေး လိုလားသူတစ်ယောက်အဖြစ် ရှုမြင်သူတွေလည်း ရှိပါတယ်။ တပ်မတော်ဘက်က လမ်းကြောင်းပြောင်းဖို့ အကြံပြုတဲ့အပေါ် အခုလို နှစ်ဘက် အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာတဲ့အတွက် RCSS အဖွဲ့နဲ့ ရေရှည် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြေလည်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။