တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး


2015.06.24
rcss-ssa-620.jpeg ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင်ခမ်းနဲ့ အတွင်းရေးမှူးတို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။

မိုင်းကိုင်မြို့နယ်မှာ ပါတီရုံးဆိုင်းဘုတ်သွားတင်တာကို မကျေနပ်လို့ ခေါ်သွားတာ ဖြစ်ကြောင်း တအာင်းပလောင် အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ကိုမိုင်းဝင်းထူး က ပြောပါတယ်။

"၂၀ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ခေါ်သွားတာဖြစ်ပါတယ်၊ ခေါ်သွားပြီးမှ နောက်ဆုံးရထားတဲ့ အချက် အလက်ကတော့ မိုင်းကိုင်မြို့မှာ ပါတီဆိုင်းဘုတ်ထောင် တာကို မလိုလားဘူးပေါ့၊ ပြောမယ်ဆိုရင်တော့ မိုင်းကိုင်မြို့တောင်ပေါ်ဒေသမှာ သွားပြီးတော့မှ ဖြစ်တဲ့အခြေအနေတွေကို ဒေသခံတွေ၊ ဘုန်းကြီးတွေကို မှတ်တမ်းတင် သွားရိုက်တာကိုလည်း သူတို့သဘောမကျဘူး"

သူတို့နှစ်ဦး ဖမ်းဆီးခံရတာကို ပါတီတာဝန်ရှိသူတွေက ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ တောင်ကြီးမြို့မှာရှိတဲ့ RCSS/SSA ရုံးထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မိုင်းကိုင်မြို့နယ်အနီးမှာ အခြေစိုက်တဲ့ အမှတ် ၃၃၇ တပ်ရင်းက ဒုတပ်ရင်းမှူး စစ်ဂျာန်ဟန် ဦးဆောင်တဲ့အဖွဲ့ က ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် တောင်ကြီးမြို့မှာရှိတဲ့ RCSS/SSA ဆက်ဆံရေး ရုံး တာဝန်ရှိသူတစ်ဦးက ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။