ကျောက်မဲမှာ လူသစ်စုနေတယ်ဆိုတဲ့ စွပ်စွဲချက် RCSS ငြင်းဆို

ဖြူဖြူခိုင်
2019.10.19
rcss-ssa-622.jpg RCSS တပ်ဖွဲ့ဝင်အချို့ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

RCSS က ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုကို လူသစ် ၃၅ ဦး ပို့ပေးဖို့ ခြောက်လတစ်ကြိမ် တောင်းခံထားတာဖြစ်လို့ ဒေသခံတွေဟာ တောင်းထားတဲ့ လူအရေအတွက်ကို မနေ့က ပို့ပေးလိုက်ရတယ်လို့ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လူသစ်စုဆောင်းခံရသူတွေဟာ အသက် ၁၈ နှစ်က ၃၀ ကြား အမျိုးသားတွေဖြစ်ကြပြီး အဲဒီအထဲမှာ ဆယ်တန်းကျောင်းသားတစ်ဦးလည်း ပါသွားတယ်လို့ ပြောပါတယ်။

သူ့ရဲ့လုံခြုံရေးအခြေအနေကြောင့် အမည်ကို မဖော်ပြရတာဖြစ်ပါတယ်။

ဒီလိုစုဆောင်းထားတဲ့ လူ ၃၅ ယောက်ကို ကျေးရွာဥက္ကဋ္ဌ ကိုယ်တိုင် မနေ့က နေ့လယ် ၂ နာရီခန့်မှာ RCSS သတ်မှတ်ထားတဲ့နေရာအထိ လိုက်ပို့ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းတင်းကျေးရွာအုပ်စုဟာ ကျောက်မဲ-မိုးကုတ် ကားလမ်းပေါ်မှာရှိပြီး ကျောက်မဲမြို့နဲ့ ၇ မိုင်ခန့် ကွာဝေးပါတယ်။

တောင်းဆိုထားတဲ့ လူအရေအတွက်ရအောင် မိုင်းတင်းအုပ်စုထဲမှာ မိုင်းတင်း၊ မန်စန်း၊ လွယ်အယ် ၊ ဝေဘူ  ၊ နားမွန်း၊ ပြိန်းခါး၊  ပင်တီးရွာနဲ့ နမ့်ဆော့ရွာ ဆိုတဲ့ ရွာ ရှစ်ရွာကနေ လူစုပေးရတယ်လို့ သိရပါတယ်။

တစ်နှစ်အတွင်း လူသစ် အယောက် ၇၀ စုဆောင်းရမယ်လို့ RCSS အဖွဲ့က ပြောဆိုထားတာကြောင့် မိုင်းတင်းကျေးရွာအုပ်စု ဒေသခံတွေဟာလည်း ကြောက်ရွံ့နေကြပါတယ်။

လူသစ်စုဆောင်းတယ်ဆိုတဲ့ စွပ်စွဲချက်ကို RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းဦးက ငြင်းဆိုပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး"ဆက်ဆံရေးရုံးက ကျောက်မဲမှာ တစ်ခုရှိတယ်။ ဒီလိုကြားတယ် အဲဒါ ဟုတ်လားလို့ သူ့ဆီကိုမေးလိုက်တော့ အထင်လွဲမှားမှု တစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေရာကတော့ သူတို့က တွေ့ဆုံပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောတယ်"

ဒီအဖွဲ့ဟာ NCA လို့ ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ NCA သဘောတူညီမှုစာချုပ်မှာ လူသစ်သစ်စုဆောင်းတာကို တားမြစ်မထားပေမယ့် NCA ထိုးထားပြီးနောက်ပိုင်း တပ်သားသစ် စုဆောင်းတာ မရှိဘူးလို့ ဗိုလ်မှူးကြီး စိုင်းဦးက ဆိုပါတယ်။

"မစုဆောင်းရဘူးလို့ မပါဘူး။ အခန်း ၃ အပုဒ် ၆ မှာက ရှေ့ဆက်ပေ့ါနော် လုံခြုံရေးဆိုင်ရာ ပေါင်းစည်းခြင်း ကဏ္ဍတွေမှာ ပြန်လည်ဆွေးနွေးကြမယ်ဆိုပြီးတော့ အဲလိုတစ်ချက်ပဲ ပါတယ်။ ကျွန်တော်တို့ NCA ထိုးတဲ့ နောက်ပိုင်းတော့ တပ်သားသစ် စုဆောင်းတာတွေ မလုပ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ တပ်သားသစ် စုဆောင်းမှုမှာတော့ အသက် ၁၈ နှစ်အထက် လူငယ်တွေတိုင်းက တာဝန် ထမ်းဆောင်ဖို့ရှိတယ်ဆိုပြီး ကျွန်တော်တို့ ပေါ်လစီ ရှိပါတယ်"

ဒီလိုတပ်သားသစ်တွေ စုဆောင်းခြင်းမျိူးမရှိဘဲ ခေါ်ယူတွေ့ဆုံပြီး ပြန်လွှတ်လိုက်တယ်လို့ RCSS ရဲ့ တာဝန်ရှိသူတွေက ပြောပေမယ့် မိုင်းတင်းကျေးရွာအုပ်စု ဒေသခံတွေကတော့ သူတို့ဆီကလူ ၃၅ ဦး အခုအချိန်ထိ ပြန်မရောက်လာသေးဘူးလို့ ပြောပါတယ်။

တပ်သားသစ်စုဆောင်းမှုတွေ မလုပ်ဖို့ ကျောက်မဲမြို့က RCSS ရဲ့ ယာယီဆက်ဆံရေးရုံးကို သွားပြီး တားမြစ်ရတာတွေ ရှိတယ်လို့ ရှမ်းပြည်နယ်မှာ တာဝန်ကျတဲ့၊ အမည်မဖော်လိုတဲ့ တပ်မတော်က ဗိုလ်ကြီး အဆင့် ရှိသူတစ်ဦးက ဆိုပါတယ်။ တပ်ဖွဲ့ဝင်အင်အား များပြားလာအောင် အစဉ်အမြဲ ဆောင်ရွက်နေတာ တွေ့ရပေမယ့် ဒီနှစ်မှာ အရင်နှစ်တွေကထက် တပ်သားစုဆောင်းမှု ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။

မူးယစ်ဆေးသုံးစွဲသူ အများအပြားရှိတဲ့ ရှမ်းပြည်နယ်မှာ RCSS က မူးယစ်ဆေးဖြတ်စခန်း ဖွင့်ပေးထားတာ ရှိပြီး အဲဒီစခန်းရောက်သွားသူတွေထဲက တချို့ဟာ သူတို့တပ်ဖွဲ့အတွက် အင်အား ဖြစ်လာနိုင်တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လူငယ်တွေကို သူတို့မှာ မူဝါဒရှိတယ်၊ ဖမ်းတယ်၊ ဖမ်းပြီးတော့ ဆေးဖြတ်ပေးတယ်

"အရင်တုန်းက သတင်းကြားတော့ သူတို့ကိုမေးကြည့်တဲ့အချိန်မှာ သူတို့ထိန်းချုပ်ထားတဲ့ ဧရိယာမှာတော့ စစ်မှု ထမ်းခိုင်းတာတွေတော့ ရှိတယ်။ ဖမ်းတာတော့ မကြားသေးဘူး။ ဒီမှာကျတော့ ခပ်များများ ကြားရတာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လူငယ်တွေကို သူတို့မှာ မူဝါဒရှိတယ်၊ ဖမ်းတယ်၊ ဖမ်းပြီးတော့ ဆေးဖြတ်ပေးတယ်။ ဆေးဖြတ်ပြီးတော့ ပြန်ရောက်လာတဲ့လူလည်း ရှိတယ်။ ပြန်ကောင်းလာတဲ့လူလည်း ရှိတယ်။ အချို့ကျတော့ မလာဘဲနဲ့ သူတို့ထဲ နေနေတာလည်း ရှိတယ်"

ရှမ်းပြည်နယ်အခြေစိုက် RCSS အဖွဲ့မှာ လက်နက်ကိုင်အင်အား ၈၀၀၀ ထက်မနည်း ရှိမယ်လို့ Myanmar Peace Monitor  အဖွဲ့က ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။