တပ်မတော်နဲ့ RCSS ပူးပေါင်းတိုက်ခိုက်တာ မရှိဘူးလို့ ထုတ်ပြန်


2018.12.27
rcss-ssa-622.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့အနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်တာတွေ မရှိကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

RCSS အဖွဲ့ဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့အတွက် NCA လက်မှတ်ထိုးခဲ့တာဖြစ်ပြီး မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေသလို တိုင်းရင်းသားအဖွဲ့အချင်းချင်း တိုက်ခိုက်တာ မရှိဘူးလို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

သီပေါမြို့နယ်က SSPP ယာယီတပ်စခန်းတွေကို ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ တပ်မတော်နဲ့ RCSS တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမဖြစ်စေရေးအတွက် လှုပ်ရှား နယ်မြေတွေမှာ သတိထားရှောင်တိမ်းနေပေမယ့် နယ်မြေကျူးကျော်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ RCSS အဖွဲ့ကို လိုက်လံတိုက်ခိုက်နေလို့သာ ခုခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့ဟာ JMC ဆက်ဆံရေးရုံးတွေကတဆင့် ညှိနှိုင်းဖြေရှင်းတာမရှိပဲ RCSS အဖွဲ့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေလို့ တိုက်ပွဲတွေဖြစ်ပွားရတာလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာနား တဝိုက်မှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပြီး TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကွက်ခိုင်မြို့နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်တာဟာ မှားယွင်းကြောင်း၊ တပ်မတော်က စစ်ရေးလှုပ်ရှားမှု လုံးဝမရှိခဲ့ကြောင်းနဲ့ TNLA အနေနဲ့ အခုလို မထုတ်ပြန်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒု-ညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက RFA ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြောခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ်အပါအဝင် စစ်တိုင်းဒေသကြီး ၅ ခုမှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ၄ လကြာ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထား ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။