ရခိုင်အစိုးရအဖွဲ့ဝင်ဝန်ကြီးကို စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စ စစ်ဆေးမှုပြီးစီး
ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကျေပွန်အောင် မထမ်းဆောင် ဘူးဆိုပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက တိုင်တန်းထားတဲ့ကိစ္စကို ကော်မတီဖွဲ့ စစ်ဆေးပြီးစီးပြီဖြစ်တာကြောင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။
-
2017-12-21 -
-
-
ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကျေပွန်အောင် မထမ်းဆောင်ဘူးဆိုပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက တိုင်တန်းထားတဲ့ကိစ္စကို ကော်မတီဖွဲ့ စစ်ဆေးပြီးစီး ပြီဖြစ်တာကြောင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။
လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာကို လေ့လာနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။
"ဟုတ်တယ်။ ၁၉ ရက်နေ့က သူတို့ဆီက ပြန်ပြီးတော့ ပို့ထားပါပြီ။ သူတို့ဆီက တင်လာတဲ့စာပေါ်မှာ ကျနော်က လေ့လာဖတ်ရှုဆဲပဲဖြစ်ပါတယ်။ လျှို့ဝှက်ဆိုတော့ ကျနော် ပြောပိုင်ခွင့် မရှိဘူးခင်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ အဲဒီအတိုင်းပဲ ဆောင်ရွက်သွားမှာပါ"
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ မှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးတစ်ဦးဦးကို ဝန်ကြီးအရည်အချင်း ပျက်ယွင်းမှုနဲ့ စွပ်စွဲပြစ်တင်မယ်ဆိုရင် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော် ဥက္ကဌကို တင်ပြရမယ်လို့ ပါရှိပါတယ်။
အဲ့ဒီနောက် လွှတ်တော် ဥက္ကဌက စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းစစ်ဆေးစေပြီး ကော်မတီရဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို လွှတ်တော်ထံ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။
လွှတ်တော်ထံ အစီရင်ခံစာပါ တင်ပြပြီးနောက် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက စွပ်စွဲခံရတဲ့ ဝန်ကြီးကို တာဝန်ဆက်လက်ထမ်းဆောင်ဖို့ မသင့်ကြောင်း ဆုံးဖြတ်မယ်ဆိုရင် လွှတ်တော် ဥက္ကဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမှာဖြစ်ပြီး နိုင်ငံတော်သမ္မတက ဝန်ကြီးကို ရာထူးက ရပ်စဲရမယ်လို့ ပြဌာန်းထားပါတယ်။
စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်နဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိမှုတွေကို အခုလ နောက်ဆုံးအပတ် ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလဆန်းမှာ ကျင်းပမယ့် ရခိုင်ပြည်နယ် လွှတ်တော်မှာ အစီရင်ခံတင်ပြပြီး မဲခွဲဆုံးဖြတ်သွားမယ့် အနေအထားရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမကြေညာရသေးကြောင်း ပြောပါတယ်။