ရခိုင်ပြည်နယ်မှာ ကျောင်းသား သုံးသိန်းခွဲကျော် ကျောင်းတက်
ရခိုင်ပြည်နယ်မှာ အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး မနေ့ကအထိ ကျောင်းတက်သူ ကျောင်းသား ၃၅၈၉၃၁ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်း က RFA ကို ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့ တစ်ပြည်လုံးက အခြေခံပညာကျောင်းတွေကို စစ်ကောင်စီက ဖွင့်ခိုင်းပေမယ့်လည်း ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအတော်များများမှာ စစ်ကျွန်ပညာရေးကို အလိုမရှိလို့ဆိုပြီး ကျောင်းတက်သူဦးရေ အလွန် နည်းပါးခဲ့ပါတယ်။
ဒီနှစ်အတွက် ရခိုင်ပြည်နယ်ထဲမှာ ကျောင်းအပ်နှံသူ ၃၈၂၇၀၅ ဦးရှိခဲ့ပြီး ကျောင်းတက်ရောက်မှု ၉၄ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဆိုတဲ့အတွက် တခြားပြည်နယ်တိုင်းတွေနဲ့ အတော်ကို ကွဲပြားနေပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းသား ၅၃၉၅၀၃ ဦး တက်ရောက်ခဲ့ပြီး ဒီနှစ်မှာဆိုရင် ကျောင်းသား တစ်သိန်းငါးသောင်းကျော်အထိ ကျောင်းမတက်ရောက်နိုင်ခဲ့ကြဘူးလို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က စစ်ရေးပဋိပက္ခတွေ၊ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်၊ မောင်တောမှာ လူမျိုးရေးပဋိပက္ခတွေကြောင့် မဖွင့်နိုင်တဲ့ကျောင်း စုစုပေါင်း ၁၂၈ ကျောင်းတို့ ဒီနှစ်မှာလည်း မဖွင့်နိုင်သေးဘူး လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့စာရင်းတွေအရ သိရတယ်။
အခုလက်ရှိဖွင့်ထားတဲ့ကျောင်းတွေမှာလည်း ကျောင်းသူ၊ ကျောင်းသားတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ ထွန်းထွန်းသိန်း က ပြော ပါတယ်။