ရခိုင်ပြည်နယ် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်း
2012.12.22
အခုလိုဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် နိုင်ငံရေးအကျဉ်းသားများ(ယာယီ)အဖွဲ့ချုပ် အတွင်းရေးမှူး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်နိုင်က RFA ကို အခုလို့ပြောပါတယ်။
" နိုင်ငံရေးအကျဉ်းသား ဟောင်းတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကို ပြန်ပြီးတော့မြှင့်တင်ဖို့နဲ့ သူတို့တွေရဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့အတွက်ပါ"
ဒီစည်းဝေးပွဲကို စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးအကျဉ်းဟောင်း ၂၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဒီရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း ယာယီအဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးက နိုင်ငံရေး အကျဉ်းသားဟောင်းတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ဖို့၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် မကြာခင်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကိုအောင်နိုင်က ဆိုပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်တွေရဲ့ ပညာရေးကဏ္ဍ၊ အစိုးရဝန်ထမ်း ရေးရာကဏ္ဍတွေမှာ ကန့်သတ်ခံနေရတာတွေ၊ လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ချုပ်(ယာယီ)ဖွဲ့စည်းပွဲကို တက်ရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဆိုပါတယ်။