ရေဘေးကြောင့် ကျောက်တော်မှာ လူ ၂၀၀၀လောက် နေရာပြောင်းရွှေ့
2015.07.28

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးကြီးနေတာကြောင့် ကျောက်တော်မြို့နယ် သရက်အုပ်၊ ပြိုင်းချောင်း၊ ငတပေါင်း၊ လမုတပင် စတဲ့ ကျေးရွာတွေက ဒေသခံ နှစ်ထောင်လောက်ကို ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အဲဒီရွာတွေက လူဦးရေ ၂၀၀၀ ကျော်ကို မနေ့ကစပြီး ပြောင်းရွှေ့ထားတာဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင် ရွက်နေတဲ့ ကျောက်တော်မြို့ခံ ကိုသန်းဌေးမောင်က ပြောပါတယ်။
"အဆိုးဆုံးဖြစ်တဲ့ ရွာတွေကျတော့ အိမ်တွေအကုန်လုံးမြုပ်တယ်ခင်ဗျ၊ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့ကပဲ အဲ့ရွာတွေကို တောင်ပေါ်ရှိတဲ့နေရာတွေကို သွားပို့ထားရတယ်ခင်ဗျ၊ သုံးရွာစလုံး၊ ငတပေါင်းရွာမှာကျတော့ အိမ်ခြေ ၄ဝဝ လောက်ရှိတယ်ခင်ဗျ၊ သရက်အုပ်ရွာက ၁၂ဝ ၊ ပြိုင်းချောင်းရွာက ၃ဝ အဲ့လောက်ရှိတယ်ခင်ဗျ"
မိုးဆက်တိုက်ရွာနေတဲ့အပြင် ကုလားတန်မြစ်ရေလည်း လျှံတက်နေတာကြောင့် အပေါက်ဝ၊ ပုဏ္ဏားရွာ ၊ တောင်ပေါက်၊ ဘုရားပေါင်း၊ သရက်တပင်၊ ညောင်ချောင်း၊ စပါးဆိပ် စတဲ့ ကျေးရွာမှာလည်း နေအိမ် တချို့ ရေနစ်မြုပ်နေသလို စပါးစိုက်ခင်းဧက ထောင်နဲ့ချီပြီး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။ ကျောက်တော်မြို့ပေါ်က အလှူရှင်တွေစုပေါင်းပြီး စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့နေပေမယ့် လုံလောက်မှုမရှိဘူးလို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်းမှာရှိတဲ့ မင်းဖူး၊ ဝါးတောင်၊ တံခွန်တိုင်၊ သာစည်၊ ဒုံးသား စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်မှာလည်း လူနေအိမ်ခြေအချို့ ရေနစ်မြုပ်နေပြီး နီးစပ်ရာ စာသင်ကျောင်းတွေ ကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော် အတွင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်း ငယ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက ခရီးသည်တင်နဲ့ ကုန်တင်ရေယာဉ် ခရီးစဉ်အားလုံးကို ယာယီရပ်နား ထားပါတယ်။ ဒါ့အပြင် ကားလမ်းတွေပေါ် ရေလျှံနေတာကြောင့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ရန်ကုန် စတဲ့ မော်တော်ကားလမ်းခရီးစဉ်တွေကိုလည်း ဒီနေ့ ရပ်နားထားရပါတယ်။