ရခိုင်ပြည်နယ်အရေးမှာ အပြုသဘောဆောင်တဲ့ကဏ္ဍကနေ ပါဝင်ကူညီဖို့ တရုတ်ကတိပြု

ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Ministry of Foreign Affairs - The People’s Republic of China

တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ပေကျင်းမြို့မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေး၊ ဘာသာရေးနောက်ခံတွေရှိနေပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဖြစ်တဲ့ အားလျော်စွာ တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတာတွေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အခြေအနေတွေတည်ငြိမ်အောင်၊ ပဋိပက္ခတွေ အရှိန်လျော့ကျသွားအောင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC နိုင်ငံတကာရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ICC အနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ ရည်တည်ချက်ကို တရုတ်က အမြဲကိုင်စွဲထားတယ်လို့ ပြောခွင့်ရသူ Mao Ning က သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org