AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦးနဲ့ ဒေသခံငါးဦး ဖမ်းဆီးအမှုဖွင့်ခံရ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းနှစ်ဦးအပြင် တောင်ကုတ်နဲ့ အမ်းမြို့နယ်က ဒေသခံငါးဦးကို ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းက အောက်တိုဘာ ၃၀ ရက်နေ့ မနေ့မှာ ဖော်ပြထားပါတယ်။

အမ်းမြို့နယ်အဝင်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကတွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းနှစ်ဦးအပြင် တောင်ကုတ်နဲ့ အမ်းမြို့နယ်က ဒေသခံငါးဦးကို ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းက အောက်တိုဘာ ၃၀ ရက်နေ့ မနေ့မှာ ဖော်ပြထားပါတယ်။

ထွေအုပ် အကြီးတန်းစာရေး ဦးဝင်းမောင်မောင်ဖြိုး (ခေါ်) ကိုဖြိုး၊ ရပ်/ကျေးစာရေး ဦးလှိုင်ဝင်းထွဋ် (ခေါ်) ဝင်းထွဋ် တို့ကို စစ်ကောင်စီဘက်က မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀- က တို့နဲ့ အမှုဖွင့်ထားတာပါ။

အလားတူပဲ တောင်ကုတ်မြို့နယ် မှိုဟင်းရွာက ဦးကျော်သောင်း၊ မှန်နီရွာက ဦးစိုးမင်းထွန်း၊ ညောင်ဖောက်ရွာက ဦးအေးကျော်ကျော်နဲ့ အမ်းမြို့နယ် တလိုင်းတောင်ရွာက ဦးအောင်ဆန်း၊ သရက်ပင်ချောင်းရွာက ဦးကိုကိုနိုင် တို့ကိုလည်း မတရားအသင်း ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ AA ကို ငွေကြေးကောက်ခံ ထောက်ပံ့တာအပြင် စစ်ကောင်စီတပ်၊ ရဲနဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့တာကြောင့် အခုလို ဖမ်းဆီး အမှုဖွင့်တာလို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း သံတွဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်က ဒေသခံခုနှစ်ဦးကို အလားတူ စွပ်စွဲပြီး ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်မှာ ဖော်ပြခဲ့ပါတယ်။

AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံရသူတွေဟာ အရပ်သား တွေသာဖြစ်ပြီး စစ်ကောင်စီတပ်က ပြည်သူတွေကို အမျိုးသားရေး လှုပ်ရှားမှုတွေမှာ မပါဝင်ရဲအောင် မထောက်ခံရဲအောင် လုပ်နေတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက RFA ကိုဖြေဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ အောက်တိုဘာလကုန်အထိ ဖမ်ဆီးခံထားရသူ ဒေသခံ တစ်ရာကျော်ရှိနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကိုဖြေဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org