ပဲခူးမှာ လူလေးဆယ်ကျော် ခွေးရူးအကိုက်ခံရ

ပဲခူးမြို့မှာ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အတွင်း လမ်းသွားလမ်းလာတွေအပါအဝင် လူလေးဆယ်ကျော် ခွေးရူးအကိုက်ခံရပြီး ပဲခူးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးမှာ ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးနေရပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့တစ်နေရာတွင် လမ်းဘေးခွေးများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွေ့ရစဉ်။

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အတွင်း လမ်းသွားလမ်းလာတွေအပါအဝင် လူလေးဆယ်ကျော် ခွေးရူးအကိုက်ခံရပြီး ပဲခူးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးမှာ ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးနေရတယ်လို့ ပဲခူးမြို့ခံတွေနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ ညပိုင်းက ပဲခူးမြို့ ရွှေမော်ဓောစေတီတော် ဘုရားပွဲဈေးတန်းမှာ လမ်းသွားလမ်းလာ ၂၉ ဦး စတင်အကိုက်ခံရပြီး ခွေးရူးကို ဖမ်းမမိတာကြောင့် နောက်ရက်တွေမှာလည်း ခွေးရူးကိုက်ခံရမှုတွေ ထပ်ရှိနေတာလို့ ဆိုပါတယ်။

ဧပြီလ ၂၉ ရက် ဒီနေ့မနက်အထိ ခွေးရူးကိုက်ခံရမှု ဆက်ရှိနေပြီး အဲဒီခွေးရူးကို ဖမ်းမိနိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ ပဲခူးမြို့အခြေစိုက် လူမှုကူညီရေး အသင်းဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ခွေးရူးက ဖမ်းမမိသေးဘူး။ ဒီမနက်တောင်မှ ထပ်ကိုက်သွားသေးတယ်။ ဒီမနက် နောက်ဆုံးတွေ့တာ ဆိုရှယ်လစ် ၁၅ လမ်းပေါ်မှာ တွေ့တယ်လို့ ပြောပါတယ်။ အကုန်လုံးကတော့ ၀ိုင်းပြီးဖမ်းဖို့ လုပ်နေကြတယ်”

အကိုက်ခံရသူတွေကတော့ အသက် ၁၂ နှစ်အရွယ် ကလေးသူငယ်ကနေ အသက် ၇၇ နှစ်အရွယ် သက်ကြီးပိုင်းတွေအထိပါဝင်ပြီး ပဲခူးမြို့ ပန်းလှိုင်၊ နန်းတော်ရာ၊ ရှင်စောပု၊ ကျွန်းသာယာ၊ ဥဿာမြို့သစ်၊ ဟင်္သာကုန်း၊ ဇိုင်းတောင်၊ ပြည်တော်သာ၊ ရုံးကြီး စတဲ့ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်တဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဲဒီရောဂါပိုးကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်မှာ တွေ့ရှိရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေး မထိုးထားလို့ ခွေးရူးအကိုက်ခံရပြီး ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာတာနဲ့ ရာနှုန်းပြည့် သေစေနိုင်တဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံးမှာ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ်လူပေါင်း ၅၅,၀၀၀ ကနေ ၇၀,၀၀၀ ခန့်အထိ အသက်ဆုံးရှုံးနေပြီး အဲဒီအထဲမှာ အများဆုံးက အာရှဒေသနဲ့ အာဖရိကဒေသက ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နှစ်စဥ် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

နှစ်စဥ် စက်တင်ဘာ ၂၈ ရက်ကိုလည်း ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) အဖြစ် WHO အဖွဲ့က သတ်မှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org