ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး
2011.04.01

အစည်းအဝေးမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးအေးသာအောင်က အခုလို ရှင်းပြပါတယ်။
“ဒီနေ့ အစည်းအဝေးမှာ အထူးသဖြင့်ပေါ့၊ လက်ရှိ နိုင်ငံရေး အခြေအနေကို ကျွန်တော်တို့ ဆွေးနွေး သုံးသပ်ကြပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ လွှတ်တော်နဲ့ သမတရဲ့ မိန့်ခွန်း ပြောသွားတဲ့ အပေါ်မှာ ကျွန်တော်တို့ ဆွေးနွေး သုံးသပ်ကြပါတယ်။ အဲဒီတော့ သမတ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ပါတဲ့ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရေး၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ပြောသွားတာ အပြောအနေနဲ့တော့ ကောင်းပေမဲ့၊ တကယ် လက်တွေ့မှာကော ဒါတွေကို အကောင်အထည်ဖော်နိုင် မဖော်နိုင်ဆိုတာကို စောင့်ကြည့်ဖို့ လိုတယ် ဆိုတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးဖြစ်ပါတယ်။”
လာမဲ့ အနာဂတ်မှာ အစိုးရ က တိုင်းပြည်အကျိုးကို ဘယ်လောက် အတိုင်းအတာထိ လုပ်ဆောင်မယ် ဆိုတာကို စောင့်ကြည့်ပြီး CRPP က သုံးသပ် ဝေဖန်သွားမှာ ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ပြောပါတယ်။ ဒါ့အပြင်CRPP အနေနဲ့ရှေ့ဆက်လုပ်မဲ့ လုပ်ငန်းစဉ်တွေ ကို မြန်မြန်ဆန်ဆန် လုပ်ဆောင် နိုင်အောင် CRPP စတင ်ဖွဲ့စည်းစဉ်က ရှိခဲ့တဲ့ ရေးရာကော်မတီတွေ ပြန်လည် အကောင်အထည် ဖော်ဖို့၊ ဒီရေးရာ ကော်မတီတွေမှာ အင်အား တိုးချဲ့ဖို့တွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားဖွဲ့စည်းခဲ့တဲ့ CRPP အပေါ် အခုလို လွှတ်တော် အသစ် ပေါ်ပေါက်လာတော့ နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထား ပြောင်းလဲမှု ရှိပါသလားလို့မေးရာမှာတော့ ဦးအေးသာအောင်က ခုလို ဖြေကြားပါတယ်။
“တကဲ့ အနောက်နိုင်ငံတွေ အနေနဲ့ကတော့ အပြောင်းအလဲ မရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ အရင်တုန်းက တွေ့ခဲ့ ဆုံခဲ့တဲ့ ဟုတ်လား နိုင်ငံခြားက လာတဲ့ ပုဂ္ဂိုလ်များ၊ သံတမန်များနဲ့ တွေ့တဲ့ဆုံတဲ့ အခါမှာ ဒီ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဖူး၊ ပြီးတော့ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းများလည်း မပါတဲ့အတွက်ကြောင့် တချို့က ဒါကို လက်ခံဖို့ မခံဖို့ကို ဆက်လက်ပြီးတော့ စဉ်းစားမယ်၊ ပြီးတော့ ကျွန်တော်တို့ကိုလည်းပဲ ဆက်လက်ပြီးတော့ လက်ခံပြီးတော့၊ တွေ့ဆုံပြီးတော့ ဆွေးနွေးသွားမယ်၊ လက်တွဲပြီး အလုပ်လုပ်သွားဖို့ ပြောခဲ့တာတွေ ရှိပါတယ်။”
အစည်းအဝေးကို မွန်းလွဲ သုံးနာရီမှာ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။