ဖြူးမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဖြူးမြို့နယ် သစ်ဖြူဆိပ်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဖြူးမြို့နယ်အတွင်း လေကြောင်းနှင့် လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က KNU မှ ထုတ်ပြန်ထားစဉ်။ KNU

ပဲခူးတိုင်း၊ ဖြူးမြို့နယ် (မူးမြို့နယ် အုပ်ချုပ်ရေးနယ်မြေ) သစ်ဖြူဆိပ်ရွာမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၀၇) ကနေ ပစ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီး တစ်လုံး သစ်ဖြူဆိပ်ရွာက နေအိမ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၄၅) နှစ်အရွယ် ဦးနေကြာ သေဆုံးခဲ့သလို ဒေါ်ခင်မာဆိုသူလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း မြတ်နီးကွင်းနဲ့ ခင်ကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် မြတ်နီကွင်းရွာက ဘုရားကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ (KNU) ဘက်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်ကနေ ၂၂ ရက်အထိ ဖြူမြို့နယ် (မူးမြို့နယ် အုပ်ချုပ်နယ်မြေ) အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ နေအိမ်နှစ်လုံး၊ ဘုရားကျောင်းတစ်ခု၊ ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် နေရပ်စွန့်ခွာသူများပြားလာပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့လည်း (KNU) ဘက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ (PDF) ပူးပေါင်းအဖွဲ့တွေဟာ ဖြူးမြို့နယ်ထဲမှာ တိုက်ပွဲဖော်နေပြီး စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက အရပ်သားတွေကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးလို့လည်း ဦးတင်ဦးက ငြင်းဆိုပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၇၃၀) ဦး သေဆုံးခဲ့ပြီး (၁၂၉၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org