ဝန်ကြီးဌာန ၁၄ ခု ဖြေကြားဖို့ ပျက်ကွက်တဲ့အဆို ပြည်သူ့ လွှတ်တော် အတည်ပြု
2016.02.26

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ နိုင်ငံပိုင်မြေ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ဝန်ကြီးဌာနတွေက လာရောက်ဖြေကြားရှင်းလင်းနိုင်ဖို့ လွှတ်တော်က ဖိတ်ကြားခဲ့ပေမယ့် ဝန်ကြီးဌာနတွေကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း အစိုးရက အကြောင်းကြားထားတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီးအဆိုအပေါ် ကိုယ်စားလှယ် ၁၂ ဦး နဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးတို့ ဆွေးနွေးပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြည်ထောင်စု အစိုးရရုံးက အကြောင်းပြန်စာကို အသိပေးကြေညာတာဖြစ်ပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ၊ အခုဆွေးနွေးနေတဲ့ အဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန ၁၄ ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ် သို့ လုပ်ငန်းတာဝန်များ စနစ်တကျလွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီးအဆို ကို ဖြေရှင်းဆွေးနွေးနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများ ကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို အချိန်မီစေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်"
စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ထောက် ခံဆွေးနွေးစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ရာ တပ်မတော်သား ကိုယ်စား လှယ်အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။
အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ ဒေါ်ခင်စန်းလှိုင်က အစိုးရသစ်ထံ တာဝန်မလွဲှပြောင်းမီ နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငှားရမ်းရောင်းချ လွဲှပြောင်းတာတွေ၊ ကျူးကျော်တွေကို အဓမ္မဖယ်ရှားနေ တာတွေနဲ့ ပတ်သက်ပြီး စိစစ်ဟန့်တားပေးဖို့ တိုက်တွန်းတဲ့ အဆိုကို မနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုအပေါ် ကိုယ်စားလှယ် ၁၂ဦး တပ်မတော်သား ကိုယ်စားလှယ် ၁ဦး စုစုပေါင်း ၁၃ ဦးက ဆွေးနွေးရာမှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲခဲ့ တာဖြစ်ပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်အများစု ဆွေးနွေးတဲ့အထဲမှာ ကျူးကျော်နေထိုင်သူတွေကို အဓမ္မဖယ်ရှားမှုတွေကို ကန့်ကွက်ဆွေးနွေးကြတာများပါတယ်။
အဆိုကို သက်ဆိုင်ရာဝန်ကြီးဌာန ၁၄ ခုက ဖြေကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူများတာကြောင့် အတည်ပြုလိုက်ပါတယ်။