ဧရာဝတီတိုင်းက လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
2013.05.31
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဂျိုဝါထလွန် ကျေးရွာအုပ်စုက လယ်သမားအယောက် ၅ဝဝ ကျော်လောက်ဟာ ဇင်းဘောင်ကုမ္ပဏီက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေဧက ၄ဝဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့မနက်ပိုင်းကစပြီး ဝင်ရောက်ထွန်ယက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇင်းဘောင်ကုမ္ပဏီဟာ၂ဝဝ၁ ခုနှစ်နောက်ပိုင်းကစလို့ တောင်သူ ၃၁ ဦး လုပ်ကိုင်ခဲ့တဲ့ လယ်ဧက ၄ဝဝ ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။ ဒီကနေ့ လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ပြုလုပ်ရတာနဲ့ ပတ်သက်လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးဝင်းအေးက RFA ကို အခုလို ပြောပါတယ်။
"ဒီနေ့မနက် ၇ နာရီခွဲလောက်က စထွန်တာပဲ၊ ကျေးရွာစီမံကိန်း မပေါ်ခင်ကတည်းက ကျေးရွာချပေးထားတာ၊ ဒါစားကျက်မြေကြီး၊ လယ်သမားတွေက မခံစားနိုင်တော့ဘူးလေ ကြာပြီလေ၊ ဖမ်းလည်းကျနော်တို့က မောင်းမှာပဲ၊ တရားဆွဲလည်း မောင်းမှာပဲ၊ ကျနော်တို့ မရမချင်းဒီလိုပဲ ထွန်တုံးတိုက်ပွဲလုပ်မှာပေါ့"
အလားတူ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာ အနီးအနားမှာလည်း မြို့နယ်အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ၃၈ ဧကမှာ လယ်သမား ၇ ဦးက ပြန်လည်ထွန်ယက်ခဲ့ကြပါတယ်
အခုလို ထွန်တုံးတိုက်ပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ကြက်လျှာရွာမှာရောက်နေတဲ့ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကွန်ယက်အဖွဲ့ဝင် ဦးကြည်လွင်က RFAကို အခုလိုပြောပါတယ်။
"ပြည်သူတွေဆီက မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို ကျနော်တို့က သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကို တိုင်ကြားထားတာ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက ဒီနေ့အထိဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ပြည်သူနည်းဖြစ်တဲ့ ကျနော်တို့ ဒီထွန်တုံးတိုက်ပွဲနည်းနဲ့ လယ်ယာမြေကိုပြန်ရတဲ့အထိ နိုင်ငံတော်ကနေပြီးတော့ တရားဝင်မှတ်ပုံတင်ခွင့်ရတဲ့အထိ ကျနော်တို့ကဆက်ပြီးလုပ်သွားမှာပါ"
မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာရွာတဝိုက်က လယ်ဧက ၄ဝဝ ကျော်ကို ၁၉၉၅ ခုနှစ်အတွင်း မြို့နယ်အာဏာပိုင်တွေက သိမ်းယူခဲ့တာလို့ဆိုပါတယ်။
အဲဒီလယ်တွေမှာ လယ်သမားတွေကို သီးစားချ လုပ်ကိုင်ခွင့်ပြုလာခဲ့တာ ၅ နှစ်လောက်ရှိပြီဖြစ်ပေမယ့် ဒီနှစ်မှာတော့ လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် လယ်သမားတွေ အခုလိုထွန်တုံးတိုက်ပွဲ ပြုလုပ်ရတာလို့ သိရပါတယ်။