မြန်မာ လူငယ်နှစ်ဦးအတွက် မြို့ကြီးတွေမှာ တိုးမြှင့်ဆန္ဒပြ


2015.12.30
koh-tao-protest-620.jpg ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ မြန်မာနှစ်ဦးရဲ့အမှုကို ပြန်လည်စစ်ဆေးပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ဆန္ဒပြကြစဉ်
Photo Aung Thain Kha /RFA

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ဖို့ မန္တလေး၊ ကော့သောင်း ၊ မြဝတီ၊ မော်လမြိုင် စတဲ့ မြို့ကြီးတွေမှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ အမှုကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် အစကနေ ပြန်လည်စစ်ဆေးပေးစေလိုတယ်လို့ မန္တလေးမြို့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောပါတယ်။

"အောက်ရုံးကပဲ အမိန့်ချသေးတယ်ပေါ့နော် သူတို့အယူခံနှစ်ခု တက်လို့ရပါတယ် အဲ့ဒါကို ကျနော်တို့ စောင့်ကြည့် ရတာပေါ့၊ အခုဟာကလည်း ကျနော်တို့ နိုင်ငံ့ခေါင်းဆောင်တွေကရော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အကုန်လုံး အလေးထားပြီး ဒါကို လေးလေးစားစားနဲ့ ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုနေကြပါတယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး မူလရုံးက စီရင်ချက်ချတာ မကျေနပ်လို့ အထက်ရုံးမှာ ဘာပဲဖြစ်ဖြစ် အယူခံဝင်ရောက်တာပေါ့နော်၊ ဒီအမှုကို အစကစပြီး ပြန်လည်စစ်ဆေးစေလိုတယ်"

မန္တလေးမြို့ ဆန္ဒပြပွဲမှာ သံဃာတော်တွေနဲ့ မြို့ခံ ၅၀ ကျော်က သေဒဏ်ပေးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ ရုပ်ပုံပါ ပိုစတာတွေမှာ တရားမျှတအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုရေးသားထားပြီး မန္တလေးမြို့ထဲမှာ တစ်နာရီကြာ လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ခိုထောင်းကျွန်း လူသတ်မှု တရားခံအစစ်အမှန်ပေါ်ပေါက်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားဘဝတွေ လုံခြုံဖို့နဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ကြာဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံ ကော့စမွီးခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ရန်ကုန်၊ မုံရွာ၊ ကျောက်ဖြူ၊ တောင်ကြီး၊ မြောက်ဦး၊ မအူပင်၊ ကြာအင်းဆိပ်ကြီး၊ တာချီလိတ်၊ ကော့သောင်း စတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။