အခွန်အတုတ်ကြီးမြင့်တာကို ဆန္ဒပြဖို့ ကြိုးပမ်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရဲ့ အချက်အချာကျတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ “ဂျပန်မ” ဆိပ်ကမ်းမှာ အငှားနွားလှည်းတွေအပေါ် ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ စည်ပင်ဌာနတို့က အခွန်တွေ အဆမတန် ကောက်ခံနေတဲ့အပေါ် မကျေနပ်လို့ လူပေါင်း ၁၀၀ ကျော်လောက် ဆန္ဒပြခဲ့ကြပါတယ်။

2012.12.20

ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက လူပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ နွားလှည်းအစီး ၅၀ ကျော်နဲ့ အခွန်ကင်းလွတ်ရေး တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြသူတွေကို အာဏာပိုင်တွေက လမ်းခုလတ်မှာ တားဆီးပိတ်ပင်ပြီး လူစုခွဲလိုက်တယ်လို့ ဆန္ဒပြသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒေသခံ အာဏာပိုင်တွေက ဆန္ဒပြတာကို တားမြစ်ခဲ့သလို နောင်မှာ အလားတူ ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးအရေးယူမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ဂျပန်မဆိပ်ကမ်းဟာ ကျောက်ဖြူ မြို့နယ်အတွင်း ရေလမ်းကြောင်း ဆက်သွယ်သွားလာရေးမှာ အဓိကကျတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။

ဒီဆိပ်ကမ်းကို မှီခိုလုပ်ကိုင်နေကြရတဲ့ နွားလှည်း အငှားယာဉ်တွေအပေါ်မှာ ဆိပ်ကမ်းအာဏာပိုင်နဲ့ စည်ပင်ဌာနတို့က နွားလှည်းတစ်စီးကို ကျပ် ၁၀၀ နှုန်း အခွန်သတ်မှတ်ထားပေမယ့် အစိုးရဆီကနေ တဆင့်လေလံပြန်ဆွဲတဲ့ လုပ်ငန်းရှင်တွေက နွားလှည်းတစ်စီးကို ကျပ် ၅၀၀ ကနေ ကျပ် ၁၅၀၀ အထိ ကောက်ခံနေတာပါ။

နွားလှည်းခွန်အပြင် တင်တဲ့ ပစ္စည်းအပေါ်မှာ မူတည်ပြီးတော့လည်း အခွန်အခတွေကို တိုးမြှင့်ကောက်ခံနေပါတယ်။

အဲဒီလို လုပ်ဆောင်ချက်တွေအပေါ် မကျေနပ်တဲ့အတွက် နွားလှည်းတွေစုရုံးပြီး ဆိပ်ကမ်းအာဏာပိုင်ရုံးနဲ့ စည်ပင်ဌာနရုံးရှေ့ကို သွားရောက်ဆန္ဒပြဖို့ စီစဉ်ရာမှာ တားမြစ်ခံရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။