အကျဉ်းသားကို ထောင်မှူး ကိုယ်ထိလက်ရောက်ထိုးကြိတ်
2012.09.24
အဲဒီနောက် ပြည်တွင်းဂျာနယ်တချို့က သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက RFA ကို ပြောပါတယ်။
"ကျွန်မ မနေ့က သူ့ကို ထောင်ဝင်စာ သွားတွေ့တဲ့အခါကျတော့ သူ့ပါးမှာ ဒဏ်ရာတွေတွေ့ရတယ်။ ထောင်မှူး ဦးကျော်စွာသင်းက သူ့ကိုပါးသုံးချက်ရိုက်ပြီးတော့ လက်သီးနဲ့ ပါးကိုထိုးတယ်တဲ့။ မနေ့က ရဲမှူးကြီးဆီကို လှမ်းပြီးတော့ အကြောင်းကြားတယ်။ ဒီမနက်ကို ထောင်ညွန်မှူးကြီးနဲ့လည်း သွားတွေ့တယ်။ သူတို့သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးတော့ လုပ်ပေးမယ်ပေါ့။ ကျွန်မက သက်ဆိုင်ရာအသီးသီးကို တိုင်ကြားမယ်ပေါ့။ လိုအပ်ရင်လည်း အမှုဖွင့်မယ်"
ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်းက အကျဉ်းသားဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းက ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ဟာ မှန်ကန်ကြောင်း၊ မိမိတို့ဘက်မှ တာဝန်ပေါ့မှုကြောင့်ဖြစ်ကြောင်း၊ ထောင်မှုးကျော်စွာသင်းကို အဆင့်ဆင့်စစ်ဆေးပြီး အရေးယူသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ မခင်ကြည်ကြည်ချိုနဲ့ လိုက်ပါပြီး ထောင်ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံခဲ့တဲ့ အလွတ်သတင်းထောက် ကိုသူရအောင်က RFA ကိုပြောပါတယ်။
"အဓိက ညွန်ကြားရေးမှူးက ဒီအမှုကို ထိထိရောက်ရာက် အရေးယူပေးမယ်။ ဘယ်လိုအရေးယူမှာလဲ၊ ဘယ်တော့အရေးယူမှာလဲ၊ တကယ်အရေးယူမှု ရှိ မရှိဆိုတာ ကျွန်တော်တို့ အရပ်သားတွေအနေနဲ့ ဘယ်လိုလုပ်သိနိုင်မလဲလို့ ကျွန်တော်ကမေးတော့ သူရေရေရာရာ မဖြေနိုင်ဘူး။ ဒါကဋ္ဌာနပိုင်းဆိုင်ရာ လျှို့ဝှက်ချက်ဖြစ်လို့ အရာရှိတစ်ယောက်ကို ဘယ်လိုအရေးယူတယ်ဆိုတာ အပြင်ကိုထုတ်ပြီး သူတို့ပြောလေ့ ပြောထမရှိဘူးတဲ့။ ယေဘုယျသဘောအားဖြင့် သူတို့စုံစမ်းကြည့်တဲ့အခါကျတော့ အရာရှိ တစ်ယောက်က ဒီလိုအကျဉ်းသားတစ်ယောက်ကို လက်လွတ်စပယ် ရိုက်တဲ့ ပုတ်တဲ့ကိစ္စကတော့ အပြစ်ရှိတာမှန်ပေမဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီးတဲ့အခါကျမှသာလျှင် သူ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးတော့ ထိရောက်စွာ အရေးယူမယ်လို့ပဲ ဝေ့ဝိုက်ပြီးတော့ ပြောပါတယ်"
အကျဉ်းသားဦးလှမိုးဟာ ထောင်တွင်းရေသန့်စက်ရုံမှာ အလုပ်လုပ်နေသူဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က မိန်းမဆောင်ဖက် ပို့ပေးရမယ့်ရေဗူးတွေ အချိန်မီ မရောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်မှူး ဦးကျော်စွာသင်းရဲ့ ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။