လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၈၈ မျိုးဆက်အဖွဲ့ ကြိုဆို


2013.12.31

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ ကြိုဆိုလိုက်ကြပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီဝင် ဦးကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။

" နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား မကျန်အောင်လွှတ်မယ်လို့ပေးထားတဲ့ သူ့ဂတိအတိုင်း အကောင်အထည်ဖော်ဖို့အတွက် အခုနှစ်ကုန်ရောက်လာတဲ့အချိန်မှာ သမ္မတကြီးကိုယ်တိုင်က ဒီလိုအမိန့်ကြေညာချက်ထုတ်ပြီးတော့ အထူးသဖြင့်ပေါ့လေ အဖြစ်များတဲ့ ပုဒ်မ ၁၈ တို့ ၅၀၅ (ခ) တို့လို ပုဒ်မတွေ အပါအဝင် ဒါတွေကို လျှော်ပြစ်လိုက်တာပေါ့၊ အမှုပိတ်လိုက်တဲ့ဟာက ဒါဟာ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်"

လာမယ့် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်းမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားသူတွေလည်းလွတ်လာမယ်လို့ ကိုကိုကြီးက ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ အမိန့်အရ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး လက်ရှိအမှုရင်ဆိုင်နေရတဲ့ ပုဒ်မတွေအများအပြားနဲ့ အရင်က နိုင်ငံရေးပုဒ်မတွေကြောင့် အကျဉ်းထောင်တွေထဲမှာ ရှိနေသူတွေလည်း လွတ်မြောက်လာမှာဖြစ်ပါတယ်။

ဒီနေ့ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကသတ်မှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၅ ဦး သာပါသေးတယ်လို့ သိရပြီး တခြား ပုဒ်မ ၁၈၊ တရားမဝင် စီတန်းလှည့်လှည်မှု၊ ပုဒ်မ ၅၀၅ အများပြည်သူ အကျိုးပျက်စီးစေမှု ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရဆဲသူတွေလည်း ပါတယ်လို့ သိရပါတယ်။

ဒီကနေ့ လွတ်မြောက်လာပြီး နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ခံထားရသူတွေကတော့  ပြီးခဲ့တဲ့ ၂၀၁၂ ခုနစ်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကေအိုင်အေ ဌာနချုပ်၊ လိုင်ဇာကို ချီတက်လမ်းလျှောက်မှုနဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ကိုရန်နိုင်ထွန်း ၊ ကိုအောင်မင်းနိုင် ၊ မတရားအသင်း ဆက်သွယ်မှုနဲ့ တောင်ကြီးထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ ရှမ်းပြည်တပ်မတော်က အိုက်ပန် ၊ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ ကိုရဲမင်းနဲ့ မော်လမြိုင်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းရုံးတပ်ဖွဲ့ဝင် ကိုစန်းထွေးတို့ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေထောင်က အကျဉ်းသား ၄ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်က အကျဉ်းသား ၄ ဦး၊ စုစုပေါင်း ၈ ဦးကို လွတ်မြောက်လာခဲ့ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အများအကျိုးပျက်စီးစေမှု ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင် (ခ) ဦးမောင်ပု အပါအဝင် ၁၁ ဦးရဲ့ အမှုတွေကိုလည်း ဒီကနေ့ ရုတ်သိမ်းခဲ့ကြောင်းသိရပါတယ်။

RFA စိုင်းထွန်းအောင်လွင်ရဲ့သတင်းပို့ချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။