အခြေခံပညာသင်ရိုးမှာ လူမျိုး၊ ဘာသာကို ခွဲခြားတဲ့အချက်တွေ ပါနေတယ်လို့ အရပ်ဖက်အဖွဲ့တွေပြော


2018.12.26
letter-to-president-622.jpg နိုင်ငံတော် သမ္မတထံ ၂၀၁၈၊ ဒီဇင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာရဲ့ စာမျက်နှာ ၁ နဲ့ ၂ ကို တွေ့ရစဉ်
Photo: Zar Chi Oo

ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ အခြေခံပညာ သင်ရိုးညွှန်းတမ်းမှာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်တဲ့ အကြောင်းအရာတွေ အယူအဆတွေ ထည့်သွင်းသင်ကြားနေတဲ့အတွက် မတူကွဲပြားတဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်မှုကို လေးစားတန်ဖိုးထားတဲ့ သင်ရိုးညွှန်းတမ်းဖြစ်အောင် ကြပ်မတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က နိုင်ငံတော် သမ္မတထံ ဒီနေ့ အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ပါတယ်။

စတုတ္ထတန်းမှာ သင်ကြားပေးနေတဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိသင်ခန်းစာမှာ “ဝံသာနုစိတ်ဓာတ်” ခေါင်းစဉ်နဲ့ ကဗျာမှာ “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း” ဆိုတဲ့ စာကြောင်းကို ကန့်ကွက်တာဖြစ်ပါတယ်။

အဲဒီသင်ရိုးညွှန်းတမ်းကို အစိုးရ အခြေခံပညာကျောင်းတွေ အပါအဝင် ပုဂ္ဂလိကကျောင်းတွေမှာလည်း သင်ကြားနေတာကို တေ့ွရှိရကြောင်း အရပ်ဖက်အဖွဲ့တွေရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဒီလိုသင်ကြားမှုဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို တစ်ဖက်စွန်းရောက်တဲ့ အယူဝါဒတွေ ရိုက်သွင်းသလို ဖြစ်နေကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ယဉ်ပါးစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ သင်ကြားနေသလိုဖြစ်နေကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုးပမ်းမှုတွေကို စနစ်တကျ ရိုက်ချိုးသလိုဖြစ်နေကြောင်း အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်က ဒေါ်ကက်သလင်းသိန်းက RFA ကို ပြောပါတယ်။

ဒီသင်ကြားမှုပုံစံဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ အခြေခံမူတွေကို ဆန့်ကျင်နေတယ်လို့လည်း သမ္မတထံ ပေးစာမှာ ပါရှိပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ပြီး မတူကွဲပြားတဲ့ ဖြစ်တည်မှုတွေကို စော်ကားနှိမ့်ချခြင်းမရှိတဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်အောင် ကြပ်မတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို အာရှအလင်းရောင် ဖောင်ဒေးရှင်း၊ အသံ၊ ညီမျှခြင်းမြန်မာ၊ မေတ္တာဖံ့ွဖြိုးရေးဖောင်ဒေးရှင်း၊ မြန်မာမွတ်စလင် လူမှုကွန်ယက်၊ သင့်မြတ်လိုသူများ ငြိမ်းချမ်းရေးပရဟိတအဖွဲ့၊ ပေါင်းကူး စတဲ့ အရပ်ဖက်အဖွဲ့ ၁၀၀ ကျော်က လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော် အကြီးအကဲတွေနဲ့ ပညာရေးဝန်ကြီး တို့ထံလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီသင်ရိုးညွှန်းတမ်းဟာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စတင်သင်ကြားတာဖြစ်တယ်လို့ မူလတန်းအဆင့် ကျောင်းဆရာမတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။