အာဏာဖီဆန်ရေး CDM လုပ်တဲ့ ပညာရေးဝန်ထမ်းတွေ ဖိအားပေးခံနေရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်နေကြတဲ့ ပညာရေးဝန်ထမ်း သုံးသိန်းကျော်ကို၊ စစ်ကောင်စီက အမျိုးမျိုး ဖိအားပေးနေတာ ကြောင့် ဝန်ထမ်း နှစ်သိန်းကျော်လောက် CDM ဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ “အခြေခံပညာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်ဝင် တစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် ပညာရေးဝန်ထမ်းသပိတ်စစ်ကြောင်းဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ထိုင်သပိတ် ဆန္ဒပြနေကြစဉ်

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်နေကြတဲ့ ပညာရေးဝန်ထမ်း သုံးသိန်းကျော်ကို၊ စစ်ကောင်စီက အမျိုးမျိုး ဖိအားပေးနေတာကြောင့် ဝန်ထမ်း နှစ်သိန်းကျော်လောက် CDM ဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ “အခြေခံပညာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်ဝင် တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကတော့ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်က အရေးအကြီးဆုံးမို့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကို ထည့်တွက်စရာ မလိုဘူးလို့ ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဧပြီလ ၂၇ ရက်နေ့ထိ သုံးလနီးပါး ကာလအတွင်း၊ ပြည်တွင်းအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ တစ်နိုင်ငံလုံးက ပညာရေးဝန်ထမ်း လေးသိန်းကျော်အနက် သုံးသိန်းကျော် ပါဝင်ခဲ့ကြတယ်လို့ “မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ဆရာမများသမဂ္ဂ အဖွဲ့ချုပ်” က စာရင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အခုဧပြီလ တတိယပတ်လောက်မှာတော့ စစ်ကောင်စီရဲ့ အမျိုးမျိုး ဖိအားပေးမှုတွေကြောင့် CDM ဝန်ထမ်း သုံးသိန်းကျော်ထဲက နှစ်သိန်းကျော်လောက်ဟာ၊ CDM ကနေ နုတ်ထွက်သွားကြတယ်လို့ အဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဌာနအကြီးအကဲတွေက CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ခေါ်ယူပြီး CDM မှာ ပါ၊ မပါမေးမြန်းကာ ပါဝင်တယ်ဆိုရင်၊ ဧပြီလ လစာကို ခံစားခွင့်မရှိကြောင်း၊ မတ်လ လစာကို ပြန်ပေးဖို့နဲ့ ထုတ်ချေးထားတဲ့ နှစ်လစာ ချေးငွေကို အကျေပြန်ဆပ်ဖို့တွေအပြင် CDM မှာ ပါဝင်ရင် တပ်မတော်ကို အကြည်ညို ပျက်စေမှု ၅၀၅ (က)နဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ပုဒ်မ ၅၀၅(က) နဲ့ ခြိမ်းခြောက်မှုကြောင့် CDM မှာ ပါဝင်နေသူတွေက မပါဝင်တော့ဘူးဆိုပြီး လက်မှတ်ထိုးခဲ့ ရတယ်လို့ ပဲခူးမြို့က ကျောင်းဆရာတစ်ဦးက RFA ကိုပြောပါတယ်။

ပညာရေးဌာန တာဝန်ရှိသူတွေက ပဲခူးမြို့ အ.ထ.က (၁) က CDM မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ ၃၀ ကျော်ကို နာမည်စာရင်း အတိအကျနဲ့ အွန်လိုင်းပေါ်တင် ခြိမ်းခြောက်နေတာကြောင့် အဲဒီ ဆရာ၊ဆရာမတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း အမည်မဖော်လိုတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက CDM မှာ ပါဝင်တဲ့ တစ်နိုင်ငံလုံးက ကျောင်းအုပ်တွေနဲ့ ဆရာ၊ ဆရာမတွေကို လိုက်လံဖမ်းဆီးနေပြီး၊ တချို့ဆရာမတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေတာကြောင့် ကိုယ့်အိမ်ကိုယ် မနေရဲဘဲ ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်တိမ်းရှောင်နေရတဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

CDM မှာ မပါဝင်ကြဖို့ ဖိအားပေးခံရသူတွေကို ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်မှာ စစ်ကောင်စီ မကောင်းကြောင်း မရေးဖို့၊ CRPH နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ထောက်ခံတာ၊ CDM လှုပ်ရှားမှုကို ထောက်ခံ ပံ့ပိုးတာတွေ မလုပ်ဖို့ လက်မှတ်ရေးထိုးခိုင်းတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဟာ မကြာခင်ရောက်ရှိတော့မယ့် ဇွန်လ ကျောင်းဖွင့်ရာသီအမီ ဆရာ၊ ဆရာမတွေ လုပ်ငန်းခွင် ဝင်ကြဖို့ အခု ဧပြီလကတည်းက နည်းမျိုးစုံနဲ့ ဖိအားပေးနေတာလို့ ရန်ကုန်တိုင်းအတွင်းက အမည်မဖော်လိုတဲ့ ကျောင်းအုပ်ကြီးတစ်ဦးက RFA ကို သုံးသပ်ပြောဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကတော့ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်က အရေးအကြီးဆုံးမို့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ဂရုစိုက်စရာ မလိုဘူးလို့ ပြောပါတယ်။

NUG ရဲ့ ဦးဆောင်အဖွဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း “စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် CDM ဝန်ထမ်းတွေ အလုပ်ဆုံးရှုံးခဲ့ရင်၊ အရပ်သားအစိုးရ ပြန်တက်လာတဲ့အခါ မူလအလုပ်တွေကို ပြန်ပေးမှာဖြစ်သလို၊ ဖမ်းဆီးတရားစွဲခံရတဲ့ ဝန်ထမ်းတွေကို သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုလွှာတွေ ပေးအပ်သွားမယ်” လို့ ပြီးခဲ့တဲ့ မတ်လထဲမှာ တရားဝင် ကြေငြာချက်ထုတ်ပြီး ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် CRPH က ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပ အလှုရှင်တွေထံကနေ အလှုငွေတွေ ကောက်ယူကာ ဌာနပေါင်းစုံက CDM ဝန်ထမ်းတွေကို ကြိုးစားထောက်ပံ့နေပါတယ်။

ဒါပေမဲ့ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့နေတဲ့ CRPH အဖွဲ့ဝင်တွေနဲ့ NLD လွှတ်တော် အမတ်တွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေတာကြောင့် ထောက်ပံ့ရေးအစီအစဉ်တွေ ရပ်တန့်လုနီးပါး ဖြစ်လာတယ် လို့လည်း အမည်မဖော်လိုတဲ့ NLD လွှတ်တော်အမတ်တစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်က စတင်ကာ အလှုရှင်နည်းပါးလာတာကြောင့် လက်တွေ့ ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲလာနေတယ်လို့လည်း CDM လှုပ်ရှားမှုပံ့ပိုးရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကတော့ သူတို့အစိုးရအနေနဲ့ ဘတ်ဂျက်လျာထားချက်တွေကို ရေးဆွဲနေပြီဖြစ်ပြီး အဲဒီလျာထားချက်မှာ CDM ဝန်ထမ်းတွေကို မူရင်းလစာ အတိုင်း လစဉ်ပုံမှန်ပေးအပ်သွားမယ့် အစီအစဉ်လည်း ပါဝင်ကြောင်း ဒီနေ့ သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက ပညာရေးဝန်ထမ်းတွေဆိုရင် အားလုံးနီးပါးက အစိုးရပေးတဲ့ ဝန်ထမ်း အိမ်ရာတွေမှာ နေထိုင်ရသူတွေဖြစ်ပြီး၊ CDM မှာ ပါဝင်မှုကြောင့် နေအိမ်ကနေပါ ဖယ်ရှားပေးရတဲ့အပြင် လစာပါ မရတော့တဲ့အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း RFA ကို ပြောပြကြပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အရေးယူခံခဲ့ရတဲ့ နိုင်ငံ့ဝန်ထမ်းများတွေအနေနဲ့ ခြောက်လ အတွင်း ကတိဝန်ခံချက်တွေအပါအဝင် အခြား ထောက်ခံချက်တွေနဲ့ အယူခံဝင်မယ်ဆိုရင် ပြန်လည်စဉ်းစားပေးသွားမှာဖြစ်ကြောင်း ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org